ကျောင်းသား ခေါင်းဆောင်၂ ယောက်တရားစွဲခံရ

  • 1 ဩဂုတ် 2017
Image caption အဖမ်းခံရတဲ့ ကျောင်းသားခေါင်းဆောင်

ခုပြီးသွားတဲ့ သင်္ကြန်ကာလတုန်းက တောင်ငူမှာ ကေတုအိုးဝေ တော်လှန်သံချပ် အမည်နဲ့ သံချပ်ထိုးခဲ့တဲ့ တောင်ငူက ကျောင်းသား ခေါင်ဆောင် ၂ ယောက်ကို တပ်မတော် အရာရှိ တယောက်က တရားလိုလုပ်ပြီး နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မနဲ့ တရားစွဲလိုက်ပါတယ်။ ဒီကနေ့ ရုံးချိန်းမှာ အမှုရင်ဆိုင်လာတဲ့ ကျောင်းသား ခေါင်းဆောင် တယောက်ကို ဖမ်းဆီးလိုက်ပါတယ်။

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီးထွန်းမင်းအောင်က တိုင်ကြားတဲ့ အမှုကို ဒီကနေ့ ရုံးတင်စစ်ဆေးဖို့ သံချပ်ခေါင်းဆောင် ၂ယောက်ဖြစ်တဲ့ထဲက ကိုအောင်ထက်နဲ့ ကိုဗစ်တာကို ဆင့်ခေါ်တာမှာ ပုဒ်မ ၅၀၅(ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတပ်လိုက်ပြီး အမှုရင်ဆိုင်ဖို့လာတဲ့ ကျောင်းသား ခေါင်းဆောင် ကိုအောင်ထက်ကို ဖမ်းဆီးလိုက်ပါတယ်။ ထောင်ကြီးချုပ်ကို မပို့ခင် တရားရုံး အချုပ်ခန်းထဲကိုရောက်နေတဲ့ ကိုအောင်ထက် ကတော့အရင်ကလည်းစွဲခဲ့ပေမယ့် တရားရုံးကပယ်ချခဲ့ကြောင်း ဒါဟာဖိနှိပ်မှု တခုဖြစ်ကြောင်း ဘီဘီစီကိုပြောပါတယ်။

တရားစွဲခံရသူ နောက်တယောက်ဖြစ်တဲ့ ကိုဗစ်တာကတော့ သူခရီးလွန်နေလို့ နောက်ရုံးချိန်းမှာ သွားရောက်ရင်ဆိုင်မှာ ဖြစ်ကြောင်း တရားစီရင်ရေးကို သပိတ်မှောက် ထားပေမယ့် အမှုတွဲ ၂ယောက်ဖြစ်နေလို့ သွားရောက် အဖမ်းခံမယ်လို့ဆိုပါတယ်။

သူတို့ကို ဩဂုတ်လ ၁၅ ရက်နေ့မှာ ထပ်မံချိန်းဆိုထားတယ်လို့သိရပါတယ်။ ဒီလိုအလားတူပဲ ပုသိမ်မှာ ဇန်နဝါရီလ ၉ ရက်နေ့က စစ်ပွဲတွေရပ်ဖို့လုပ်တဲ့ လှုပ်ရှားမှုပြဇတ်မှာပါတဲ့ ပြကွက်နဲ့ စကားလုံးတွေဟာ တပ်မတော်ကို အသရေ ပျက်စေတယ်ဆိုပြီး ပြဇာတ်မှာပါတဲ့ ကျောင်းသား ၉ယောက်ကို တပ်မတော်က ပုဒ်မ ၅၀ဝနဲ့ တရားစွဲထားတဲ့ အမှုလည်း စစ်ဆေးနေဆဲဖြစ်ပါတယ်။