အမေရိကန်ဘဏ်တွေ မြန်မာနိုင်ငံမှာ ဝင်ရောက်လုပ်ကိုင်လို

  • 1 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Jetty Image
Image caption အမေရိကန်ပြည်ထောင်စု အိမ်ဖြူတော်

အမေရိကန်ဘဏ်တွေ မြန်မာနိုင်ငံမှာ ဝင်ရောက်ရင်းနှီးမြုပ်နှံခွင့်ရရေး ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုတွေကို ရုတ်သိမ်းပေးဖို့ အမေရိကန် ကုန်သည်ကြီးများအသင်း AMCHAM က ကြေညာချက်ထုတ်ပြီး အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

AMCHAM ဟာ မြန်မာ အစိုးရတာဝန်ရှိသူတွေ၊ ပြည်တွင်းဘဏ်တွေက ကိုယ်စားလှယ်တွေ နဲ့ ရန်ကုန်နဲ့ နေပြည်တော်မှာ ဇူလိုင်လ (၂၄)ရက်နေ့က စလို့ (၂)ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် အခုလိုကြေညာချက် ထုတ်ပြန်တာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် စစ်အစိုးရလက်ထက် ပိတ်ဆို့အရေးယူမှုတွေအနက် တခုအဖြစ် အမေရိကန်အစိုးရက သတ်မှတ် ပြဋ္ဌာန်းထားတဲ့ American Patriotic Act ဥပဒေ ပုဒ်မ ၃၁၁ နဲ့ ၃၁၂ အရ အမေရိကန်ဘဏ်တွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ် စီးပွားရေးမလုပ်ဖို့ ကန့်သတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အခုအခါ အမေရိကန်ကုန်သည်ကြီးများအသင်းက ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းတွေ ပါတဲ့ ကုမ္ပဏီ ၁၃ ခု ဟာ ပြည်တွင်း ဈေးကွက်အခွင့်အလမ်းတွေ ကို လေ့လာမှုတွေ လုပ်ခဲ့ပြီးနောက် နိုင်ငံတွင်း အမေရိကန်ဘဏ်တွေ ဝင်ရောက် ရင်းနှီးမြှပ်နှံခွင့် ရဖို့အတွက် အဲဒီပုဒ်မတွေ ပယ်ဖျက်ပေးရေး သူတို့အစိုးရကို တိုက်တွန်းတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အမေရိကန် ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ အမေရိကန်အစိုးရရဲ့ တင်းကျပ်တဲ့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေက အမေရိကန်ကုမ္ပဏီတွေအတွက် နိုင်ငံခြားကုမ္ပဏီတွေနဲ့ ယှဉ်ပြီး စီးပွားရေး တန်းတူလုပ်ကိုင်နိုင်ခွင့်ကို ထိခိုက်စေတယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရကနေ နိုင်ငံခြားဘဏ်တွေ ရင်းနှီးမြုပ်နှံခွင့်ကို ပြီးခဲ့တဲ့နှစ်အစောပိုင်းတုန်း ချပေးခဲ့ပြီး လောလောဆယ်မှာ နိုင်ငံခြားဘဏ် (၉)ခုကို လုပ်ငန်းလိုင်စင် လုပ်ကိုင်ခွင့်ပေးထားပါတယ်။