အစိုးရထောက်ပံ့မှုမရတဲ့ပြည်တွင်းက ကရင် ဒုက္ခသည်စခန်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ

  • 2 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Karen IDP Spport Comittee
Image caption ထိုင်းမြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းတခုအားတွေ့ရစဉ်

မြန်မာဘက်ခြမ်း ကရင်ပြည်နယ်အတွင်းက ၂၀၀၆ ခုနစ်ကတည်းက တည်ထောင်ထားခဲ့တဲ့ အီးတူထာ စစ်ဘေးရှောင်စခန်းဟာ လာမဲ့စက်တင်ဘာလကုန်မှာ အထောက်အပံ့တွေ လုံးဝ ပြတ်တောက်သွားမဲ့ အခြေနေနဲ့ ရင်ဆိုင်နေရပါတယ်။

လတ်တလောအတွင်းမှာပဲ ကေအန်ယူ ဖားပွန်ခရိုင်နဲ့ ကရင်လူမှု့အဖွဲ့အစည်းတွေစုပေါင်းပြီး ပြည်တွင်းနေရပ်စွန့်ခွာရသူ ပြည်သူတွေကို ယခင်ထောက်ပံ့ကူညီနေမှုအတိုင်း ဆက်လက်ထောက်ပံ့ပေးဖို့လည်း ကြေငြာချက် ထုတ်ပြန်တောင်းဆိုနေကြပါတယ်။

စက်တင်ဘာလမှာ စစ်ဘေးရှောင်စခန်းကို ထောက်ပံ့နေတဲ့ အထောက်အပံ့တွေ ရပ်ဆိုင်းလိုက်ရင် စစ်ဘေးရှောင်တွေအနေနဲ့ အခက်အခဲ အမြောက်အမြားရင်ဆိုင်ရတော့မှာပါ။

လူဦးရေ ၂ ထောင်လောက်ရှိတဲ့ အီးတူထာစခန်းဟာ စစ်အစိုးရလက်ထက် အစိုးရ စစ်တပ်နဲ့ ကေအန်ယူအကြား ဖားပွန် တောင်ငူ စတဲ့ ခရိုင်တွေအတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကာလကတည်းက စစ်ဘေးရှောင်သူတွေ လာရောက်ခိုလှုံနေတဲ့ စခန်းလည်း ဖြစ်ပါတယ်။

စခန်းအတွက် အကူအညီတွေကို ယခင်က ထိုင်း-မြန်မာနယ်စပ် အကျိုးတူပူးပေါင်းကူညီရေးအဖွဲ့ TBBC က တဆင့် အလှူရှင်တွေက ကူညီနေခဲ့တာဖြစ်ပါတယ်။ ကေအန်ယူနဲ့ အစိုးရအကြား အန်စီအေ အပစ်ရပ်လက်မှတ်ထိုးပြိး အခုနောက်ပိုင်းမှာတော့ နိုင်ငံတကာ အလှူရှင်တွေက စစ်ဘေးရှောင်နဲ့ ဒုက္ခသည်စခန်းတွေကို ကူညီနေတဲ့ စားနပ်ရိက္ခာနဲ့ အခြားအကူညီတွေ လျှော့ချဖြတ်တောက်မှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။

မြန်မာပြည်တွင်းက အီးတူထာ စခန်းမှာ ရှိတဲ့ ဒုက္ခသည်တွေအနေနဲ့ အစိုးရရဲ့ အကူညီလည်း မရသလို သူတို့နေရပ်ပြန်ဖို့ က သူတို့ မူလနေရပ်တွေမှာ အစိုးရတပ်တွေရှိနေတဲ့အတွက် အခက်ခဲလည်း ရှိနေတယ်လို့ အီတူးထာ စခန်းအတွက် အကူညီပေးရေးကော်မတီမှ တာဝန်ရှိသူဖြစ်တဲ့ ဖဒိုနေတာဘလဲက ပြောပါတယ်။

ကေအန်ယူနဲ့ အစိုးရအကြား အန်စီအေ အပစ်ရပ်ထားတဲ့အတွက် ဒုက္ခသည်ပြန်လည် အခြေချရေးကျေးရွာအချို့ ကရင်ပြည်နယ်အတွင်း တည်ဆောက်နေပေမဲ့ ပြန်လည်အခြေချနိုင်သူ အရေအတွက် အလွန်နည်းပါးနေပါသေးတယ်။ ဖားပွန်ခရိုင်အတွင်းမှာဆိုရင် အပစ်ရပ်ပြီးနောက်ပိုင်း တပ်မတော် တပ်စခန်းအရေအတွက်က ယခင်ရှိခဲ့တဲ့အရေအတွက်ထက် တပ်ရင်း ၁၀ ရင်း ကျော်လောက်အထိ တိုးလာနေတယ်လို့လည်း ကေအန်ယူ တာဝန်ရှိသူ တဦးဖြစ်တဲ့ ဖဒိုမန်းမန်းက ပြောပါတယ်။

နှစ်ဘက် တပ်နေရာချထားတာတွေ မလုပ်နိုင်သေးလို့ တပ်တွေမရုပ်သိမ်းတဲ့အပြင် ရိက္ခာပြတ်လပ်တောမယ်ဆိုတော့စခန်းက ဒုက္ခသည်တွေက စိုးရိမ်မှုတွေ ရှိလာနေကာ လုံခြုံရေးအာမခံချက်အပါဝင် လူမှုဘဝ အာမခံချက်ပါ မရေရာတဲ့ သဘောဆောင်နေတယ်လို့ ကေအန်ယူ ဖားပွန်ခရိုင်ရဲ့ စစ်ဘေးရှောင်အရေး သဘောထားထုတ်ပြန်မှုမှာ ပြောခွင့်အရ အနေနဲ့ ပါဝင်တဲ့ ဖဒိုမန်းမန်းက ပြောပါတယ်။

ထိုင်းမြန်မာ နယ်စပ်တလျှောက်က စစ်ဘေးရှောင်တွေအပါဝင် ဒုက္ခသည်တွေအနေနဲ့ ယခင်က နော်ဝေ ၊ အမေရိကန အပါဝင် တတိယနိုင်ငံသွားရောက်နိုင်မှုလို အစီအစဉ်မျိုးတွေက ဒုက္ခသည်တွေအတွက် ရှိခဲ့ပေမဲ့ ခိုလုံခွင့်အတွက် ဆက်လက်လျှောက်ထားနိုင်မှုတွေ မရှိတော့ပါဘူး။

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ အန်စီအေ အပစ်ရပ် လက်မှတ်ရေးထိုးတာ နှစ်နှစ်နီးပါးရှိလာပေမဲ့ မိုင်းရှင်းလင်းရေးလိုကိစ္စတွေလည်း မလုပ်နိုင်သေးသလို စစ်ဘေးရှောင်တွေအတွက် ရေရှည်တည့်တံ့တဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အပံ့အကူအညီတွေ ပေးဖို့လိုတယ်ဆိုတဲ့ တိုးတက်တွန်းမှုတွေလည်း ရှိနေပါတယ်။ ဇူလိုင်လ ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ကေအန်ယူ ဖားပွန်ခရိုင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံထဲ နိုင်ငံရေး အာမခံချက်နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရရှိပဲ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးသူ ဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်မှု မပြုဖို့နဲ့ နယ်စပ်ဖြတ်ကျော် ကူညီမှုတွေ ဆက်လက် ပံ့ပိုးပေးဖို့လည်း တိုက်တွန်းထားပါတယ်။