အစိုးရဖြုတ်ချဖို့ မျိုးချစ်များတောင်းဆို

  • 2 ဩဂုတ် 2017
Image caption မန္တလေး မဟာမြတ်မုနိ ဘုရာကြီး အနောက်မုခ်၊ ရန်ကုန် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တို့မှာ သံဃာတော်များ ဆန္ဒပြ

မန္တလေး ဘုရားကြီး အနောက်ဘက်မုခ် သာသနာ ၂၅၀၀ ဓမ္မာရုံမှာ ဘုန်းတော်ကြီးနဲ့ အရပ်သားတချို့က အစိုးရဖြုတ်ချရေးအပါအဝင်တောင်းဆိုချက်တချို့ကို တောင်းဆိုပြီး သပိတ်စခန်းဖွင့်နေပါတယ်။

တချိန်တည်းမှာပဲ ရန်ကုန်မှာလည်း ရွှေတိဂုံ အရှေ့ဘက် ကြေးသွန်းဘုရားကြီးမှာ ဘုန်းတော်ကြီးတချို့ဦးဆောင်ပြီး သပိတ်မှောက်နေကြပါတယ်။

သပိတ်မှောက်ကြသူတွေဟာ အမျိုးဘာသာ သာသနာကို စောင့်ရှောက်လိုသူတွေ စုပေါင်းပြီး ဖွဲ့စည်းထားကြတာလို့ဆိုပါတယ်။

မန္တလေးမှာ ချမ်းမြသာစည် သံဃမဟာနာယကအဖွဲ့က ဦးဆောင်သူသံဃာတွေ လာရောက်တွေ့ဆုံဖို့ ပင့်ခေါ်ခဲ့ပေမယ့် ဦးဆောင်သူမရှိဘူးလို့ ဆန္ဒပြသူတွေက ငြင်းဆိုခဲ့ပါတယ်။

သူတို့ရဲ့ တောင်းဆိုချက်တွေ မရမချင်း ဆက်လက်သပိတ်မှောက်သွားမယ်လို့ ဆိုပါတယ်။

တောင်းဆိုချက်တွေကတော့ အမျိုးဘာသာ ကာကွယ်စောင့်ရှောက်သူတွေကို ဖိနှိပ်နေတဲ့ အစိုးရနုတ်ထွက်ပေးဖို့ ဆိုတဲ့ အချက်မျိုး၊ ဘင်္ဂါလီလို့ မခေါ်ရဲတဲ့ အစိုးရ ဖြုတ်ချရေးဆိုတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ ပြည်ပအားကိုး အစိုးရဖြစ်တယ်၊ ပြည်ပသြဇာလွှမ်းမိုးနိုင်အောင် တံခါးဖွင့်ပေးတဲ့ အစိုးရဖြစ်တယ်ဆိုတဲ့ စွဲချက်မျိုးလည်း ပါဝင်ပါတယ်။

ရန်ကုန်က ဆရာတော် ဘဒ္ဒန္တ ပညာသာရဇောတိကတော့ သူတို့ဟာ သပိတ်စခန်းဖွင့်ရုံသာမက သပိတ်ကံဆောင်တဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင်တဲ့အမှုကိုလည်း ဆောင်ရွက်ထားတယ်လို့ ဘီဘီစီကို မိန့်ကြားပါတယ်။

သပိတ်စခန်းဖွင့်တာသာဖြစ်ပြီး ဆန္ဒပြချီတက်တာမဟုတ်လို့ ပုဒ်မ ၁၈ အရ ဆန္ဒပြခွင့် တင်ပြထားတာမျိုးမလုပ်ဘူးလို့ ဆိုပါတယ်။

ရန်ကုန်ကြေးသွန်းဘုရား သပိတ်စခန်းမှာ လျှပ်စစ်မီးဖြတ်တောက်ထားပြီး ရဲနဲ့ လုံခြုံရေးတွေ ဝိုင်းရံထားတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။ မနက် ၂ နာရီထိုးဝန်းကျင်မှာ ဖြိုခွဲလိမ့်မယ်လို့ သတင်းရထားတယ်လို့လည်း ဘီဘီစီကို မိန့်ကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ