တပ်မတော်သားတွေပါလာတဲ့ ရထား မိုင်းခွဲခံရ

  • 2 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Myitkyina News Journal
Image caption ရထားပေါ် ပါလာသူတွေ ကြီးကြီးမားမား ဒဏ်ရာရတာမရှိ

တပ်မတော်သားတွေ လိုက်ပါလာတဲ့ ရထားတစီး သြဂုတ်လ ၁ ရက်နေ့ ညပိုင်းက စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် စီးမော်ရွာအနီးမှာ မိုင်းခွဲ တိုက်ခိုက် ခံခဲ့ရပါတယ်။

ည ၁၀နာရီ ထိုးခါနီးလောက်မှာ ရထားလာနေစဉ် ရထားလမ်းနားမှာ ထောင်ထားတဲ့ မိုင်းကွဲ ခဲ့တာဖြစ်ပြီး ရထား မှန်တွေ ကွဲသွားပေမဲ့ ရထားပေါ် ပါလာသူတွေ ကြီးကြီးမားမား ဒဏ်ရာရတာတော့ မရှိဘူးလို့ အင်းတော်မြို့နယ်ရဲ တပ်ဖွဲ့က ရဲမှူး ဦးသိန်းဆွေညွှန့်က ဘီဘီစီကို ပြောပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း နယ်စပ်နားမှာ ဖြစ်ခဲ့တဲ့ ရထား မိုင်းခွဲမှု ဘယ်သူ့လက်ချက် ဆိုတာ ကိုတော့ မသိရသေးပါဘူး။

၂၀၁၁ ခုနစ်က နဘားဘူတာ အနီး ဖြစ်ခဲ့တဲ့ ဒေသတွင်း နောက်ဆုံး ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

အဲဒီ အချိန်က ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်ဖွဲ့နဲ့ အစိုးရ တပ်မတော်ကြား တိုက်ပွဲတွေ တကြော့ပြန် စဖြစ်ခဲ့တဲ့ ကာလ ဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

မြစ်ကြီးနား မန္တလေးရထားလမ်း မိုင်တိုင်အမှတ် ၆၀၃/၁၂ နဲ့ ၁၃ အကြားမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဟာ အဝေးထိန်း စနစ်နဲ့ ဖောက်ခွဲခဲ့တာလို့လည်း သိရပါတယ်။

တိုက်ခိုက်ခံ ရပြီးနောက် အဲဒီရထားက ဆက်လက်ထွက်ခွာ ခဲ့ပြီး ည ၁၀ နာရီကျော်မှာ ပင်ဝယ် ဘူတာကို ရောက်ရှိလာခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ တပ်မတော် ဘက်က သြဂုတ်လ ၂ ရက်နေ့ ညနေ ၅ နာရီခွဲလောက် အထိ သီးသန့် ထုတ်ပြန်တာ မရှိသေးပါဘူး။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း နယ်စပ်နားမှာရှိတဲ့ အင်းတော် ဒေသမှာ ဒါမျိုး မဖြစ်တာကြာပြီဆိုပေမဲ့ ရထားကို တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေက ကေအိုင်အေနဲ့ စစ်အစိုးရ အပစ်ရပ်စဲတဲ့ ၁၉၉၄ ခုနစ် မတိုင်မှီကတော့ မကြာခဏ ဖြစ်ပွားမှုတွေ ရှိခဲ့တာပါ။

လတ်တလော ကာလအတွင်းမှာလည်း ကေအိုင်အေနဲ့ တပ်မတော်အကြား တိုက်ပွဲတွေက ရှိနေဆဲဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ် မရေမရာဖြစ်လာချိန်မှာ အရင်ခေတ်ကာလတွေကတွေကလို ရထားကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပေါ်လာဦးမှာကိုလည်း ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်မကင်းဖြစ်နေကြပါတယ်။