ဟိုပုံးမြို့နယ်မှာ ရွာသား ၁၀ ဦးကို တပ်ကဖမ်းဆီး

  • 3 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Tai Freedom News
Image caption ဖမ်းသွားသူ ၁၀ ဦးမှာ ကျောင်းသား တစ်ဦးကို ပြန်လွှတ်ပေးခဲ့

ရှမ်းပြည် တောင်ပိုင်း၊ ဟိုပုန်းမြို့နယ် မိုင်းပျဉ်း ကျေးရွာအုပ်စု ကွမ်ကွန်းရွာက ရွာသား ၁၀ ယောက်ကို သြဂုတ်လ ၃ ရက်နေ့ မနက် ၁ နာရီလောက်က သူတို့နေအိမ်တွေ ကနေ တပ်မတော်က ဖမ်းဆီး သွားတယ်လို့ မိုင်းပျဉ်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တပ်မတော် တပ်ရင်း ၂၄၉ က ဖမ်းဆီးသွားသူတွေ အားလုံး အမျိုးသားတွေ ဖြစ်ကြပြီး ကျောင်းသား အရွယ် လူငယ် တစ်ယောက်ကိုတော့ ပြန်လွှတ် ပေးလိုက်တယ်လို့ သူက ပြော ပါတယ်။

အဖမ်းခံရသူ တွေနဲ့ ပတ်သက်ပြီး တပ်မတော် ၂၄၉ တပ်ရင်းမှာ သွားရောက် စုံစမ်း ထားပြီး ဟိုပုံး အထွေထွေ ဦးစီးမှူးကိုလည်း အဖမ်းခံရသူ စာရင်း ပေးပို့ထားပြီး ဖြစ်တယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအိန်တာက ပြောပါတယ်။

ဘာကြောင့် ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းကို တပ်မတော်ဘက်က မပြောဘူးလို့ လည်းသူက ဆိုပါတယ်။

အဖမ်းခံထားရတဲ့ ရွာသားတွေရဲ့ဆွေမျိုးတွေက RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့ကို အကူအညီ တောင်းခံ လာတယ်လို့ RCSS ရဲ့ တောင်ကြီးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတချို့ရဲ့ မိသားစုတွေနဲ့ သူကိုယ်တိုင် ရင်းနှီး ပေမဲ့ အဲဒီလူတွေက RCSS အဖွဲ့ဝင်တွေ မဟုတ်ကြ ဘူးလို့ သူက ပြောပါတယ်။

NCA အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုး ထားတဲ့ RCSS နဲ့ တပ်မတော်ကြား မကြာသေးခင်က နန့်ခုတ်ရွာ ဘက်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် နယ်မြေ ရှင်းလင်းရေး လုပ်ဆောင် ပြီး RCSS နဲ့ ပတ်သက်သူ တွေကို လိုက်လံ ရှာဖွေဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ယူဆကြောင်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

NCA စာချုပ်ထဲမှာ ရွာသူရွာသားတွေကို ဖမ်းဆီးတာ၊ အရေးယူတာတွေ မလုပ်ဖို့ အတိအလင်းဖော်ပြ ထားတယ်လို့ သူက ပြောပါတယ်။