စံမမီ ရေသန့် ယာယီရပ်ရုံနဲ့ပြီးမလား

  • 3 ဩဂုတ် 2017
Image caption စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ သောက်ရေသန့် ဖြစ်အောင် စံနစ်တခု အကောင်အထည် ဖော်ဖို့ လိုနေပြီ

သောက်ရေသန့်ဘူး တချို့မှာ ပိုးလောက်လန်းတွေနဲ့ ညစ်ညမ်းတဲ့ ရေဆိုးပါလာတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့သလို လှိုင်မြို့နယ်မှာ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က အသိအမှတ်ပြု ရေသန့်စက်ရုံတွေ ထဲက စက်ရုံ ၆ ရုံကိုလည်း စည်းကမ်းနဲ့မညီ လို့ ယာယီရပ်ဆိုင်း ထားပါတယ်။

ပြည်သူကြား ဖြန့်ဝေနေတဲ့ တချို့ သောက်ရေသန့်ဘူး တွေထဲမှာလည်း ပိုးလောက်လန်းနဲ့ ညစ်ပတ်တဲ့ရေဆိုးတွေ ပါတဲ့ ပြဿနာကို စားသုံးသူတွေ ကြုံနေ ကြရပါတယ်။

အခမ်းအနား နဲ့ ဟော်တယ်တွေမှာ တိုက်တဲ့ သောက်ရေသန့်တွေမှာတောင် ရက်လွန်တံဆိပ်တွေကို ဖျက်မရတဲ့ မင်နဲ့ ပြောင်ချော နှိပ်ထားရမယ့် အစား Sticker တွေနဲ့ ကပ်ထားတာမျိုးတွေ တွေ့နေရတယ်လို့ မြန်မာ စားသုံးသူသမဂ္ဂ က ဦးမောင်မောင်က ပြောပါတယ်။

အဲဒီလို ရေသန့်ဘူးမျိုးတွေ စားသုံးသူတွေကြား အများအပြား ရောက်ရှိနေပြီး ဒါတွေကို ဓာတ်ခွဲ စမ်းသပ်ပြီးမှ သိရတာထက် မျက်မြင်နဲ့တင် ထုတ်လုပ်နေတဲ့ နေရာရဲ့ သန့်ရှင်းမှု ၊ အသုံးပြုတဲ့ စံနစ်တွေက စံချိန်စံညွှန်းနဲ့ ကိုက်ညီမှု ရှိမရှိ ဆိုတာတွေကို မြန်မြန် စစ်ဆေးနိုင်တဲ့ စံနစ် တခုကို အကောင်အထည် ဖော်ထုတ်ပေးနိုင်ရင် ကောင်းမယ်လို့ ဦးမောင်မောင်က ဆိုပါတယ်။

ဒါ့အပြင် ရေသန့် ဆိုတာ ခိုးထုတ်လို့ မရတဲ့ အရာမျိုး ဖြစ်တာမို့ စည်ပင် ၀န်ထမ်းတွေက သူတို့အပိုင်နယ်ထဲက ရေသန့် လုပ်ငန်းတွေကို သိနေရမှာ ဖြစ်ပြီး စည်ပင် ကနေ သေသေချာချာ ကြပ်မတ် စစ်ဆေးနိုင်တဲ့ စံနစ်ကောင်း တခု ထွက်ပေါ်လာမယ် ဆိုရင် စားသုံးသူတွေ အတွက် သက်သာမှု ရစေမယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ရဲ့ ညွှန်ကြားရေးမှူး ဦးထွန်းဇော် ကတော့ သူတို့အနေနဲ့ အမြဲ စောင့်ကြည့် စစ်ဆေးမှု လုပ်နေတာမို့ အခုလို စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့ ရေသန့်ထုတ်လုပ်မှုတွေကို တွေ့လို့ ဒီတကြိမ် ပိတ်လိုက်ပြီး နောက်တံဆိပ် တမျိုးနဲ့ ထပ်ထုတ်မယ် ဆိုရင်လည်း သူတို့ရဲ့ စောင့်ကြည့်တဲ့ စံနစ်ထဲမှာ ပြန်ပေါ်လာမှာမို့ ဒါတွေကို ပြန်တွေ့ ပြန်အရေးယူနိုင်မှာပဲလို့ ပြောပါတယ်။

တကယ်တော့ သူတို့အနေနဲ့ ပြည်နယ်နဲ့ တိုင်းအားလုံးမှာ အကုန် စစ်ဆေးနေတာ ဖြစ်ပေမယ့် မသမာတဲ့ သဘောနဲ့ ထုတ်လုပ်သူတွေကတော့ လုပ်နေမှာဘဲလို့ သူက ဆိုပါတယ်။

လက်ရှိတော့ FDA က အရေးယူမှု နှစ်ပိုင်းနဲ့ ဆောင်ရွက်နေရာမှာ တမျိုးက ဥပဒေကြောင်း အရ ကိုင်တွယ်နေသလို နောက်တဖက်ကလည်း စီမံ ဆောင်ရွက်မှု အရ လုပ်နေရာမှာ လုပ်ငန်း ပိတ်သိမ်းတဲ့ အရေးယူ စီမံမှုမျိုးလည်း လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။

စားသုံးသူတွေ အခုလို မသန့်ရှင်းတဲ့ သောက်သုံးရေ အပါအဝင် ကျန်းမာရေး ထိခိုက်မည့် အစားအသောက်တွေ ဘေးက ကင်းဝေးအောင် ထုတ်လုပ်ရောင်းချတဲ့ စီးပွားရေး ကုမ္ပဏီတွေကို ရာဇဝတ်ကြောင်း အရ အရေးယူ ဆောင်ရွက်ဖို့ စားသုံးသူအရေး လှုပ်ရှားဆောင်ရွက်သူတွေက တိုက်တွန်း အကြံပေးလျက် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ