လုံခြုံရေး တပ်ဖွဲ့နဲ့ ရွာသားတိုက်ခိုက်မှု ဖြစ်

  • 4 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် State Counsellor Office
Image caption သံသယရှိသူ ၆ ဦးကို မနက် ၇ နာရီမှာ ဖမ်းဆီးရာကနေ ရွာသား တွေ အော်ဟစ်ပြီး ဝိုင်းအုံ လာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အနောက်ဘက်ခြမ်း မယူကမ်းဒေသ စေတီပြင် နယ်မြေ အနီးမှာ တည်ရှိတဲ့ အောက်နန်းရာ မွတ်ဆလင် ကျေးရွာမှာ ရွာသား တွေနဲ့ နယ်ခြားစောင့် တပ်ဖွဲ့အကြား ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အင်အား ၃၀ ခန့်ပါဝင်တဲ့ စေတီပြင် နယ်ခြားစောင့် စခန်းက တပ်ဖွဲ့ ဝင်တွေ ဟာ အောက်နန်းရာ ကျေးရွာမှာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်စပ် မှုရှိတယ်လို့ သံသယရှိသူ ၆ ဦးကို မနက် ၇ နာရီမှာ ဖမ်းဆီးရာကနေ ရွာသား တွေ အော်ဟစ်ပြီး ဝိုင်းအုံ လာပြီး ခဲတွေ၊ လေးဂွတွေ၊ စူးတွေနဲ့ပစ်ခတ်တဲ့ အတွက် နယ်ခြားစောင့် တပ်ဖွဲ့က လက်နက်ငယ်တွေနဲ့ အချက်ပေါင်း ၂၀ ခန့် ပစ်ခတ် ခဲ့ရပါတယ်။

အခုလို ဖြစ်ပွားခဲ့တဲ့ အတွက် ဖမ်းဆီး ခံရသူ ၆ ဦးထဲက နှစ်ဦး လွတ်မြောက် သွားခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ အဲဒီအောက်နန်းရာ ရွာကနေ လူစုကွဲအောင် သေနတ်တွေ ပစ်ဖောက်ပြီး ထွက်လာရတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းအရ အခုအခါ တပ်မတော် စစ်ကြောင်းပါ အဲဒီ ဒေသကို ရောက်ရှိနေပြီး အောက်နန်းရွာကို ထပ်မံ ဝိုင်းထားပြီး ထွက်ပြေး လွတ်မြောက် သွားသူ ၂ ဦးကို ရွာထဲမှာ ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေ ရှင်းလင်းမှုတွေကြောင့် အောက်နန်းရွာ က ရွာသားတွေ အကုန် ထွက်ပြေး သွားပါတယ်။

ပြီးခဲ့တဲ့ ရက်တွေ တုန်း ကလည်း မောင်တော မြို့နယ် တောင်ပိုင်း မှာ တောင်ယာ လုပ်နေတဲ့ မြို လူမျိုး တွေကို လက်နက်ကိုင် အဖွဲ့ တစ်ခု က တိုက် ခိုက်မှု လုပ်ခဲ့တာကြောင့် ၆ ယောက်သေဆုံး ခဲ့ပြီး ၂ ယောက် ပျောက်ဆုံး နေပါတယ်။

မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ် တွေမှာ အခုတလော အပြစ်မဲ့ အရပ်သား တွေကို အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုတွေ မကြာခဏ ဖြစ်ပေါ် နေတဲ့ အတွက် ဒေသတွင်းမှာ အထူး စိုးရိမ်မှုတွေ တိုးပွား နေပါတယ်။