မန်တုံမှာ တပ်မတော် ကား ချောင်းမြောင်း တိုက်ခံရ

  • 4 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Saw Bawn Sai
Image caption မန်တုံဒေသမှာ တပ်မတော်နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်လေ့ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နားမှာ သြဂုတ်လ ၄ ရက်နေ့ မနက်က တပ်မတော် ရိက္ခာသယ်လာတဲ့ ကားနှစ်စီး ချောင်းမြောင်း တိုက်ခိုက် ခံခဲ့ရ တယ်လို့ သိရပါတယ်။

မနက်၁၁ နာရီလောက်မှာ တိုက်ခိုက် ခံခဲ့ရတဲ့ ကားတွေ မီးလောင်နေတာကို မြင်ရတယ်လို့ ဒေသခံတွေက ပြောကြောင်း လားရှိုး အခြေစိုက် မားနဂါး သတင်း ဂျာနယ် သတင်းထောက် မိုင်ကောင်းဆိုင်က ဘီဘီစီကို ပြောပါတယ်။

အဲဒီကားတွေပေါ်မှာ လိုက်ပါလာသူ ၂၀ ကနေ ၃၀ လောက် အထိရှိနိုင်တယ်လို့ ဒေသခံတွေကပြောကြောင်း မိုင်ကောင်းဆိုင်က ပြောပါတယ်။

အခုလောလောဆယ် မန်တုံကနေ တခြားမြို့တွေကို သွားတဲ့ လမ်းတွေကို လုံခြုံရေး အရ ပိတ်ထားတယ်လို့ လည်း သူက ပြောပါတယ်။

သြဂုတ်လ ၅ ရက်နေ့ ကနေ ၇ ရက်နေ့ အထိ သွားလာမှု ကန့်သတ် ထားတာလို့ ဒေသခံတွေက ပြောကြောင်း သူက ဆိုပါတယ်။

အဲဒီဒေသမှာ TNLA တအာင်း ပလောင် လက်နက်ကိုင်တပ်ဖွဲ့ လှုပ်ရှားနေတာ ဖြစ်ပြီး ဒီတိုက်ခိုက် မှုက သူတို့လက်ချက် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်း ပြောနေကြပေမဲ့ ဘယ်သူ့ လက်ချက် ဆိုတာ အတိအကျ မပြောနိုင်ဘူး လို့လည်း မိုင်ကောင်းဆိုင်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အသေအပျောက် ရှိမရှိ ဆိုတာလည်း အခုချိန်ထိ မသိရသေးပါဘူး။