The Voice အယ်ဒီတာချုပ် အာမခံရ

  • 4 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃကို အစိုးရက ပြင်ဆင်ဖို့သာ လုပ်ခဲ့ပြီး မဖျက်သိမ်းသေးတာကိုလည်း ဦးကျော်မင်းဆွေက ဝေဖန်ခဲ့

The Voice သတင်းစာမှာ ကျည်ထောင်စုသစ္စာဆိုတဲ့ သရော်စာ ဆောင်းပါးကို ဖော်ပြခဲ့လို့ ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ အပြင် မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ)နဲ့ပါ တရားစွဲခံထားရတဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို သြဂုတ်လ ၄ ရက်နေ့မှာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တရားရုံးက အာမခံပေးလိုက်ပါတယ်။

ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် ရေးသားတဲ့ ကျည်ထောင်စု သစ္စာဆိုတဲ့ ဆောင်းပါးဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတယ် ဆိုပြီး တပ်မတော်ဘက်က တရားစွဲထားတာဖြစ်ပြီး စွပ်စွဲသူတွေ ပြောသလို ဒီဆောင်းပါးမှာ တပ်မတော်ကို စော်ကားပြောဆိုတာ မရှိဘူးလို့ ယုံကြည်ကြောင်း လွတ်မြောက်လာတဲ့ ဦးကျော်မင်းဆွေက ပြောပါတယ်။

ဦးကျော်မင်းဆွေဟာ မူလက ဆက်သွယ်ရေး ပုဒ်မနဲ့ပဲ တရားစွဲခံရတာကနေ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့လည်း စွဲချက်တင် ခံရတာဖြစ်ပြီး ယခင် အာမခံ လျှောက်ထားမှု ၈ ကြိမ်တိုင်တိုင် ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃကို အစိုးရက ပြင်ဆင်ဖို့သာ လုပ်ခဲ့ပြီး မဖျက်သိမ်းသေးတာကိုလည်း ဦးကျော်မင်းဆွေက ဝေဖန်ခဲ့ပါတယ်။

ဒီပုဒ်မနဲ့ တရားစွဲခံရတဲ့ သတင်းသမားတွေထဲမှာ ဦးကျော်မင်းဆွေက ဒုတိယမြောက် အာမခံ ရခဲ့တာ ဖြစ်ပြီး ဒီပုဒ်မနဲ့ပဲ တရားစွဲခံခဲ့ရတဲ့ Myanmar Now အယ်ဒီတာချုပ် ဦးဆွေဝင်းကတော့ ဇူလိုင်လ ၃၁ ရက်နေ့က ပထမဆုံး အကြိမ် အာမခံရခဲ့တာ ဖြစ်ပါတယ်။

ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ ကို ပြင်ဆင်ဖို့ လွှတ်တော်မှာလည်း ဆွေးနွေးပြီးတဲ့အပြင် ဒီအမှုနဲ့ပဲ အစွဲခံထားရတဲ့ ဦးဆွေဝင်းကလည်း အာမခံရခဲ့တဲ့အတွက် နောက်ဆုံးမှာ ဦးကျော်မင်းဆွေလည်း အာမခံရလာတာလို့ယူဆကြောင်း သူ့ရဲ့ ရှေ့နေ ဦးခင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ