ပုဒ်မ၁၇(၁)နဲ့ အဖမ်းခံ သတင်းထောက်တွေ အာမခံ မရ

  • 4 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption သတင်းထောက်တွေဟာ ဘယ်နေရာမဆို သတင်းယူခွင့်ရှိတယ်ဆိုတဲ့ အချက်ကြောင့် ဥပဒေအတိုင်း ဆက်လက်စစ်ဆေးရင် အမှုက လွတ်မြောက်နိုင်

တပ်မတော်က စွဲဆိုတဲ့ မတရားသင်း အက်ဥပဒေ ၁၇(၁)နဲ့ အမှုရင်ဆိုင်နေရတဲ့ ဒီဗွီဗီနဲ့ ဧရာဝတီက သတင်းထောက် သုံးယောက်အတွက် အာမခံလျှောက်ထားမှုကို သီပေါမြို့နယ်တရားရုံးက ပယ်ချလိုက်ပါတယ်။

တအာင်း လွတ်မြောက်ရေးနယ်မြေက မူးယစ်ဆေးဝါးဖျက်ဆီးတဲ့ပွဲကို သတင်းယူခဲ့အပြီးမှာ အဖမ်းခံခဲ့ရတဲ့ ဒီဗီဘီသတင်းဌာနက သတင်းထောက် ကိုအေးနိုင်၊ ကိုပြည့်ဘုန်းအောင်နဲ့ ဧရာဝတီသတင်းဌာန သတင်းထောက် ကိုလဝီဝမ်တို့နဲ့ တခြားဖမ်းခံရသူ ၃ယောက်ကို ရက် ၄၀ ကြာ ဖမ်းဆီးထားပြီး သြဂုတ်လ ၄ ရက်နေ့ ရုံးထုတ်စစ်ဆေးတဲ့အချိန်မှာ အခုလို အာမခံ ပယ်ချခံရတာ ဖြစ်ပါတယ်။

စွပ်စွဲခံရသူတွေက နယ်ဝေးအရပ်က လာတဲ့သူတွေ ဖြစ်တဲ့အတွက် အမှုကြန့်ကြာနိုင်မယ်လို့ အကြောင်းပြပြီး တရားရုံးက ပယ်ချခဲ့တာလို့ အဲဒီသတင်းထောက်တွေရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဒေါ်ခင်မိမိက ဘီဘီစီကို ပြောပါတယ်။

သြဂုတ်လ ၄ ရက်နေ့ စစ်ဆေးမှုမှာ တအာင်းလွတ်မြောက်ရေးတပ်မတော်ဟာ အမှန်တကယ် တရားမဝင် အသင်းဖွဲ့ဟုတ်မဟုတ်နဲ့ သတင်းထောက်တွေ စစ်မြေပြင်တိုင်းမှာ သတင်းယူခွင့်ရှိတယ်ဆိုတဲ့အကြောင်းကို တပ်မတော်ဘက်က တရားလို ဗိုလ်သက်နိုင်ဦးက မသိရှိကြောင်း ဖြေဆိုခဲ့တယ်လို့ အဖမ်းခံထားရတဲ့ ဒီဗွီဗီသတင်းထောက်တဦးဖြစ်တဲ့ ကိုအေးနိုင်က ဘီဘီစီကို ပြောပါတယ်။

အဖမ်းခံထားရတဲ့ ဧရာဝတီသတင်းထောက် ကိုလဝီဝမ်ကလည်း သူတို့ကို စွဲဆိုထားတဲ့ ပုဒ်မဟာ ကိုလိုနီခေတ်ကတည်းက ရှိတဲ့ ပုဒ်မဖြစ်တဲ့အတွက် ဒါကို လက်ရှိအစိုးရက ခေတ်နဲ့ ညီမညီ သုံးသပ်ဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီအမှုကို ဆက်လက်စစ်ဆေးတဲ့အခါမှာ သတင်းထောက်တွေဟာ ဘယ်နေရာမဆို သတင်းယူခွင့်ရှိတယ်ဆိုတဲ့ အချက်ကြောင့် ဥပဒေအတိုင်း ဆက်လက်စစ်ဆေးရင် အမှုက လွတ်မြောက်နိုင်တယ်လို့ အမှုလိုက် ရှေနေတွေနဲ့ အဖမ်းခံ သတင်းထောက်တွေက ပြောပါတယ်။

ဒီအမှုကို သြဂုတ်လ ၁၁ ရက်နေ့မှာ ထပ်မံ စစ်ဆေးဖို့ တရားရုံးက ချိန်းဆိုထားတာ ဖြစ်ပါတယ်။

ဆက်သွယ်ရေးပုဒ်မနဲ့ တပ်မတော်က တရားစွဲခဲ့တဲ့ the Voice အယ်ဒီတာချုပ်ဦးကျော်မင်းဆွေကိုတော့ ရန်ကုန်တိုင်း ဗဟန်းတရားရုံးက အာမခံပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ