မြစ်ဆုံစီမံကိန်း အစီရင်ခံစာ တရုတ်စောင့်ကြည့်နေ

  • 4 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် MOI
Image caption နိုင်ငံတော် အတိုင်ပင်ခံကို တရုတ် နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီး စွန်းတောင် လာရောက်တွေ့ဆုံ

မြန်မာနိုင်ငံကိုရောက်နေတဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီး H.E. Mr. Song Tao ဦးဆောင်တဲ့ အဖွဲ့ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်တို့ကို သီးခြားစီ နေပြည်တော်မှာ လာရောက် တွေ့ဆုံခဲ့ပါတယ်။

မစ္စတာစွန်းတောင်ဟာ NLD ပါတီရဲ့ ဖိတ်ကြားချက်အရ လာရောက်တာ ဖြစ်ပြီး သူဟာ တရုတ်သမ္မတ ရှီကျင်းပင် ရဲ့ ယုံကြည်ရတဲ့သူ တစ်ယောက် ဖြစ်သလို ညာလက်ရုံး တစ်ဆူလည်း ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူတွေ က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါ မြန်မာ - တရုတ် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ် ပြန်ထားပါတယ်။

မစ္စတာစွန်းတောင်ဟာ သြဂုတ်လ ၄ရက် မနက်ပိုင်းက ပြည်သူ့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် နဲ့ တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံပွဲမှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း တို့လည်း တက်ရောက်ခဲ့တယ်လို့ အဲဒီ တွေ့ဆုံပွဲမှာ ပါဝင်တဲ့ ဦးထွန်းထွန်းဟိန် ကပြောပါတယ်။

မြန်မာ - တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု နဲ့ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်တွေ ၊ ပြည်တွင်း ငြိမ်းချမ်းရေး ၊ အမျိုးသား ရင်ကြားစေ့ရေး ဆိုင်ရာ ကိစ္စရပ်တွေ၊ တရားဥပဒေ စိုးမိုးရေး နဲ့ တည်ငြိမ် အေးချမ်းရေး ဆိုင်ရာ ကိစ္စရပ်တွေ ၊ နှစ်နိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်းရေးဆိုင်ရာ ကိစ္စရပ်တွေကို မစ္စတာ စွန်းတောင်နဲ့ တွေ့ဆုံမှုမှာ ဆွေးနွေးခဲ့ကြတယ်လို့ ပြည်သူ့ လွှတ်တော် ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံဖက်ကတော့ ဧရာဝတီ မြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း လေ့လာ စီစစ်သုံးသပ်ရေး ကော်မရှင်ရဲ့ အစီရင်ခံစာကို စောင့်ကြည့်နေတဲ့အကြောင်း ဆွေးနွေး ပြောကြား ခဲ့တယ်လို့ သတင်းရရှိပါတယ်။

မစ္စတာစွန်းတောင်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီဥက္ကဌ ဦးသန်းဌေး ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။

သူဟာ ၂၀၁၆ တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့နဲ့ သီးခြားစီ သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ