UNရဲ့ ရခိုင်အစီအရင်ခံစာကို အစိုးရကော်မရှင်ပယ်ချ

  • 6 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ရခိုင်ပြည်နယ်မြောက်ပိုင်းက ရွာပေါင်း ၂၀ အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဒုက္ခသည် စခန်း ၃ ခုကိုလည်း သွားရောက် စစ်ဆေးအပြီးမှာ အခုလို ကောက်ချက်ချလိုက်တာဖြစ်

မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ လေ့လာချက်အရ ကုလသမဂ္ဂရဲ့ ဖေဖော်ဝါရီလက ထုတ်ပြန်ထားတဲ့ အစီအရင်ခံစာမှာ ဖော်ပြထားသလို ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်တာတာ မတွေ့ခဲ့ရဘူးလို့ နိုင်ငံတော် ဒုသမ္မတလည်း ဖြစ်တဲ့ ကော်မရှင်ဥက္ကဌ ဦးမြင့်ဆွေက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ ကုလသမဂ္ဂ အစီအရင်ခံစာမှာပါတဲ့ စွပ်စွဲချက်တွေကို စုံစမ်းဖို့အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရွာပေါင်း ၂၀ အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဒုက္ခသည် စခန်း ၃ ခုကိုလည်း သွားရောက် စစ်ဆေးအပြီးမှာ အခုလို ကောက်ချက်ချလိုက်တာဖြစ်တယ်လို့ ဦးမြင့်ဆွေက ပြောပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သတင်းဌာနတွေကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို သတင်းထိမ်ချန်တာ၊ လိုရာဆွဲ ရေးသားဖော်ပြတာတွေလည်း လုပ်နေတယ်လို့ သူက စွပ်စွဲခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးဆိုင်ရာ အထူး အစီအရင်ခံစာ တင်သွင်းသူ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စယန်ဟီးလီရဲ့ အစီအရင်ခံစာတွေမှာလည်း ၂၀၁၆ ခုနှစ်က မောင်တောဒေသမှာ နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရတဲ့ အကြောင်းကို မဖော်ပြတဲ့အပြင် ဒေသခံတွေကို အကြမ်းဖက်သမားတွေက ခြိမ်းခြောက်ခဲ့တာတွေနဲ့ အကြမ်းဖက်သင်တန်းပေးတာတွေကိုလည်း နိုင်ငံတကာ သိအောင် ဖော်ပြ မထားဘူးလို့ သူက ပြောပါတယ်။

ဒီကော်မရှင်ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဇော်မြင့်ဖေကလည်း သူတို့ သွားရောက် လေ့လာချက်တွေနဲ့ အစီအရင်ခံစာက အချက်တွေ ကွဲလွဲမှုရှိနေပြီး ဒေသခံတွေဘက်က မမှန်မကန် သက်သေတင်ပြတာတွေလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မောင်တောဒေသရဲ့ နောက်ခံသမိုင်းနဲ့ လက်ရှိအခြေအနေကို ဘက်စုံလေ့လာ သုံးသပ်ပြီး လိုအပ်တဲ့ အကြံပြုချက်တွေကိုလည်း သက်ဆိုင်ရာ အစိုးရဌာန၊ စာနယ်ဇင်းနဲ့ နိုင်ငံတကာ အကူအညီပေး NGO အဖွဲ့အစည်းတွေကိုလည်း ဒီကော်မရှင်က တင်ပြခဲ့တယ်လို့ သိရပါတယ်။

အခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့ မောင်တော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၆ ခုနှစ် မောင်တောဒေသ တိုက်ခိုက်ခံရမှု ဖြစ်အပြီးမှာ နိုင်ငံတော် ဒုသမ္မတ ဦးမြင့်ဆွေကို ဦးဆောင်စေပြီး အစိုးရက ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခအတွက် ဒီကော်မရှင်အပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်နဲ့ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင် အပါအဝင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကလည်း ကိုင်တွယ်စစ်ဆေးနေတာဖြစ်ပါတယ်။

အခုလို ကော်မရှင်သုံးခုနဲ့ စစ်ဆေးနေတဲ့ကြားက အချက်အလက် ရှာဖွေရေး အဖွဲ့ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ထပ်မံ စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တာကို ကြည့်ခြင်းအားဖြင့် လက်ရှိကော်မရှင်တွေရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံတကာက အားရကျေနပ်မှု မရှိတာကို ပြနေတယ်လို့ သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ