ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာပါဝင်တဲ့ ပါတီတွေ ဥပဒေလိုက်နာဖို့ ကော်မရှင် သတိပေး

  • 6 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Union Election Comission
Image caption ရွေးကောက်ပွဲကော်မရှင်က ပါတီတွေကို ပေးပို့တဲ့စာ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ကြတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အခြေခံဥပဒေ အပါဝင် နိုင်ငံရေးပါတီများ မှတ်ပုံတင်မှု ဆိုင်ရာ ဥပဒေတွေနဲ့ အညီ ပါဝင်ဆောင်ရွက်ကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ သတိပေးအကြောင်းကြားစာကို နိုင်ငံရေး ပါတီတွေဆီကို ပေးပို့လိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကနေ သြဂုတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ ပေးပို့တဲ့ အကြောင်းကြားစာထဲမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ကြတာကို ကော်မရှင်အနေနဲ့ အသိအမှတ်ပြုပေမဲ့ မလိုလားအပ်တဲ့ ကိစ္စရပ်တွေ မပေါ်ပေါက်စေဖို့အတွက် ပါတီတွေအနေနဲ့ ဥပဒေပြဌာန်းချက်တွေနဲ့ အညီဆောင်ရွက်ကြဖို့ သတိပေးထားတာဖြစ်ပါတယ်။

ဖွံ့ဖြိုးရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းမှာ ပါဝင်ကူညီတာ ဖြစ်စေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်တာဖြစ်စေ ဘယ်လိုပဲပါဝင်ပါစေ ဥပဒေနဲ့ အညီဆောင်ရွက်ဖို့ အသိပေးအကြောင်းကြားရတာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ဘီဘီစီကို ပြောပါတယ်။

အခု ထုတ်ပြန်ချက်ဟာ အန်အယ်လ်ဒီ အစိုးရတက်ပြီး ရွေးကောက်ပွဲ ကော်မရှင်ပြန်လည်ဖွဲ့စည်းပြီးနောက် နိုင်ငံရေးပါတီတွေအတွက် ပထမဆုံးအကြိမ် အဖြစ် ပေးပို့တဲ့ ဥပဒေကြောင်းအရ အသိပေးစာလို့လည်း ဆိုကြပါတယ်။

တလောက ချင်းမိုင်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရှမ်းလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးပါတီတွေ ပါဝင်တဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီအစည်းအဝေးကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးရဲ့ အကြောင်းကြားချက်အရ ပိတ်သိမ်းခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့်အားဖြင့် တပ်မတော် ၊ ဒါမှမဟုတ် အစိုးရဘက်က ပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား ဆက်ဆံရေးကို တစုံတရာစိုးရိမ်ဟန်ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ ဥပဒေအရ လက်နက်ကိုင်တွေနဲ့ ဆက်ဆံမှုဟာ ဥပဒေကျော်လွန်ရာရောက်ပေမဲ့ အန်စီအေ အပစ်ရပ်စာချုပ်ကို အခြေခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုင်းရင်းသားမျိုးနွယ်စုအလိုက် သဘောထားဆန္ဒရယူမှုကအရေးကြီးတဲ့အတွက် ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့အချိန်မှာ မတရားအသင်းဆက်သွယ်မှုလို ကိစ္စတွေအပါဝင် ကန့်သတ်ချက်တွေက မရှိသင့်ဘူးလို့ နိုင်ငံရေး လေ့လာသူ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

စိုင်းရဲကျော်စွာမြင့်ဟာ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲဖြစ်စဉ်ကို အဓိကထားလေ့လာသူဖြစ်ပြီး ၂၁ ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွေကို တက်ရောက်နေသူ တဦးလည်း ဖြစ်ပါတယ်။

လတ်တလော ရန်ကုန် မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ဖြစ်ခဲ့တဲ့ သပိစခန်းဖွင့်မှုတွေနဲ့ အခု ထုတ်ပြန်ချက်နဲ့ ဆက်စပ်မှု ရှိပါသလားဆိုတဲ့ မေးခွန်းကိုတော့ ဒီဖြစ်စဉ်တွေနဲ့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ဟာ မပတ်သက်ဘူးလို့ ဦးတင်ထွန်းက ပြောပါတယ်။