စစ်တပ်ဝင်း အုံကြွမှု ဗင်နီဇွဲလား အစိုးရ နှိမ်နှင်း

  • 6 ဩဂုတ် 2017
Image caption စစ်တပ်ဝင်းကို အစိုးရဘက်က ပြန်လည်ထိန်းချုပ်

ဗင်နီဇွဲလားနိုင်ငံ၊ ဗလင်ဆီယာမြို့က စစ်အခြေစိုက် စခန်းကို တိုက်ခိုက် ခဲ့သူတွေကို နှိမ်နှင်း နိုင်ခဲ့ပြီ ဖြစ်တယ်လို့ ဗင်နီဇွဲလား အာဏာပိုင်တွေက ပြောပါတယ်။

ဒီဖြစ်ရပ်အတွင်း လူ နှစ်ယောက် သေဆုံးခဲ့ပြီး လူ အများအပြားကို ဖမ်းဆီး နိုင်ခဲ့တယ်လို့ သမ္မတ မာဒူရိုက ထုတ်ပြန်ပါတယ်။

အဲဒီ တိုက်ခိုက်မှုကို ကျူးလွန်သူတွေဟာ အကြမ်းဖက် သမားတွေ ဖြစ်တယ်လို့ အာဏာရ ဆိုရှယ်လစ် ပါတီရဲ့ ဒုတိယ ခေါင်းဆောင် ဒရော့စ်ဒါဒို ကာဘယ်လိုကလည်း ပုံဖော် ပြောဆို ထားပါတယ်။

တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ စစ်တပ်ဝင်းမှာ အစိုးရဘက်က လုံခြုံရေး အရ ပြန်လည် ထိန်းချုပ် နိုင်လိုက်ပြီလို့ မစ္စတာ ကာဘယ်လို ပြောဆို ခဲ့ပြီး နောက်မှာကို အဲဒီ နေရာကနေ ပေါက်ကွဲသံတွေ ဆက်လက် ထွက်ပေါ် နေဆဲပဲလို့ ဒေသခံ စာနယ်ဇင်းသမား တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒီလို အုံကြွ တိုက်ခိုက် လာသူတွေဟာ စစ်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ လူ တစ်စုဖြစ်ပြီး နိုင်ငံတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုထားတဲ့ ဗီဒီယို တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ အုံကြွမှုကို ထောက်ခံတဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက် လာခဲ့ပေမယ့် အာဏာပိုင်တို့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ သုံးပြီး ဖြိုခွင်းခဲ့ပါတယ်။

အတိုက်အခံ လွှမ်းမိုးတဲ့ ကွန်ဂရက်စ် လွှတ်တော်ကို ကျော်လွန်ပြီး အစိုးရက ဖွဲ့စည်းပုံသစ် ရေးဆွဲရေး အဖွဲ့အစည်း တစ်ရပ် ဖွဲ့စည်းလိုက်ပြီး နှစ်ရက် အကြာမှာ အခုလို အုံကြွမှု ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။