ရိုဟင်ဂျာတွေကို အစိုးရတပ်က ပစ်မှတ်မထားဘူးလို့ ဒုသမ္မတ ကော်မရှင်ပြော

  • 6 ဩဂုတ် 2017
Image caption လူမျိုးတုန်း သတ်ဖြတ်တဲ့ အထောက်အထား မတွေ့ရဘူးလို့ ကော်မရှင်ကပြော

မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် ပစ်မှတ်ထားပြီး သတ်ဖြတ် တာမျိုး၊ မုဒိမ်းကျင့်တာမျိုး၊ မီးရှို့တာမျိုးလို ကျူးလွန် တိုက်ခိုက်မှု တွေကို အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက စနစ်တကျ မူဝါဒ သဖွယ် ကိုင်စွဲ လုပ်ဆောင်တာမျိုး မရှိဘူး ဆိုပြီး အစိုးရက ဖွဲ့စည်းထားတဲ့ စုံစမ်းရေး ကော်မရှင်က ပြောဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက စလို့ ရခိုင်ပြည်နယ်တွင်း ပေါ်ပေါက်ခဲ့တဲ့ သွေးထွက်သံယို ဖြစ်ရပ်တွေမှာ လူမျိုးတုန်း သတ်ဖြတ်တဲ့ လုပ်ရပ်မျိုး ရှိကြောင်း အထောက်အထား တစုံတရာမှ မတွေ့ရဘူးလို့လည်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ဒါဟာ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာပါ အချက်တွေကို အစိုးရ စုံစမ်းရေး ကော်မရှင်ဘက်က ပယ်ချ လိုက်တာ ဖြစ်ပါတယ်။

အောက်ခြေ လုံခြုံရေး တပ်ဖွဲ့ဝင် တချို့မှာ တာဝန်ရှိကောင်း ရှိလိမ့်မယ့် ဖြစ်ရပ် တချို့အပေါ် ကုလသမဂ္ဂက ချဲ့ကား ပြောဆို ထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး အချက်အလက် ရှာဖွေရေး အဖွဲ့ စေလွှတ်ဖို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို မြန်မာ အစိုးရက နိုင်ငံထဲ ဝင်ခွင့် မပြုနိုင်ဘူး ဆိုပြီး ပိတ်ပင် ထားပါတယ်။

ဒီအချိန်မှာပဲ မငြိမ်မသက်မှုတွေ ရှိနေတဲ့ ဘူးသီးတောင် မောင်တော ဒေသမှာ အကူအညီ ပေးရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ NGO အဖွဲ့တချို့ ထွက်သွားဖို့ အပါအဝင် အချက်အလက် တချို့ကို စစ်တွေမှာ လုပ်ခဲ့တဲ့ အစည်းအဝေး တစ်ခု ကနေ တောင်းဆို လာပါတယ်။

အဲဒီ ဒေသတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ NGO တွေရဲ့ ကျောထောက် နောက်ခံ ပေးမှုကြောင့် ဖြစ်တယ်လို့ ရခိုင် ဒေသခံတွေက ယူဆ နေကြတယ် ဆိုပြီး အဲဒီ စစ်တွေ အစည်းအဝေးကို ဦးဆောင် ပြုလုပ်ခဲ့တဲ့ စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့က ဦးဆောင် ဆရာတော် ဦးဓမ္မိကက ဘီဘီစီကို မိန့်ပါတယ်။

စစ်တွေမှာ နိုင်ငံခြား အန်ဂျီအိုတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး ပေါ်ပေါက် ခဲ့ဖူးတဲ့ အတွက် အခုလို တောင်းဆိုသံ ထွက်လာတဲ့ အပေါ် စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။