ပညာရေးတက္ကသိုလ် က ဆန္ဒပြသူတွေနဲ့ ပညာရေးဌာနဆွေးနွေး

  • 7 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Min Kyaw Htay FB
Image caption မန္တလေးမြို့မှာ ပြုလုပ်တဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲ

တက္ကသိုလ် ပညာသင်ကြားမှု အပြီး အလုပ်ခန့်ထားရေးနှောင့်နှေးတာတွေအတွက် ရန်ကုန်နဲ့စစ်ကိုင်းက ပညာရေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ ပညာရေးကောလိပ်ကျောင်းဆင်းတွေပေါင်းပြီး ဖဲကြိုးစိမ်းလှုပ်ရှားမှုအနေနဲ့ မနေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဖဲကြိုးစိမ်းလှုပ်ရှားမှု လုပ်ဆောင်မှုလို့ ခေါ်တဲ့ အဲဒီလှုပ်ရှားမှု ဆာင်ရွက်သူတွေနဲ့ ပညာရေးဌာနရဲ့ တာဝန်ရှိသူတွေဟာ ဒီကနေ့ မနက်ပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ တွေ့ဆုံပြီးညှိနှိုင်းမှုတွေပြု လုပ်ခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာ ပညာရေးတက္ကသိုလ်ကျောင်းသားတွေဘက်က လုပ်ငန်းခွင် ဝင်ရောက်ရမဲ့ ရက်ကို အမြန်ဆုံး အတိကျသတ်မှတ်ပေးဖို့ ၊ လုပ်သက်နစ်နာမှုအတွက် အလုပ်ခန့်ထားရာမှာ ထည့်သွင်းပေါင်းထည့်ပေးဖို့နဲ့ အခုလို ကိစ္စတွေ နောက်လာမဲ့ ပညာသင်နှစ်တွေမှာ လုံးဝ မဖြစ်စေဖို့ တောင်းဆိုခဲ့့ပြီး သဘောတူညီမှု ရခဲ့တယ်လို့ ဦးဆောင်သူဖြစ်တဲ့ ကိုစိုးသူရကျော်က ဘီဘီစီကို ပြောပါတယ်။

ပညာရေးတက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအနေနဲ့ အခုလို ဆန္ဒပြပွဲတွေ ပြုလုပ် တာင်းဆိုရတာဟာ ဆရာဆရာမခန့်ထားရာမှာ နောက်ကျတဲ့အတွက် တဆင့်မြင့်ရာထူး ဖြေရာမှာ လုပ်သက်မပြည့်ပဲ ဖြေဆိုခွင့်တစ်နှစ်နောက်ကျတာတွေရှိခဲ့တဲ့အတွက် နစ်နာတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းဝင်းက အခက်အခဲမျိုးစုံကြောင့် ကျောင်းသားကျောင်းသူတွေကို ကျောင်းအပြီး အလုပ်ခန့်ထားနိုင်မှုတွေ နှောင့်နေးခဲ့ရတယ် လာမဲ့ ပညာသင်နှစ်တွေမှာ အခုလို မဖြစ်အောင် ဆောင်ရွက်မယ် အခက်အခဲရှိရင် တိုက်ရိုက်ညှိနှိုင်းဖို့လည်း ဆန္ဒပြသူတွေနဲ့ ညှိနှိုင်းခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ပညာရေးတက္ကသိုလ်နဲ့ ကောလိပ်ကကျောင်းသား ကျောင်းသူတွေရဲ့ အခြေခံ ပညာကျောင်းတွေမှာ ဆရာ၊ဆရာမ ခန့်ထားရေးအပြင် နည်းပညာနဲ့ ကွန်ပျူတာ တက္ကသိုလ်တွေက ဆရာဆရာမတွေကလည်း ရာထူးတိုး မညီမျှတာတွေအတွက် ဖဲကြိုးပြာလှုပ်ရှားမှုကို ဇူလိုင်လထဲမှာ လှုပ်ရှားတောင်းဆိုခဲ့ကြပါသေးတယ်။

အခုလိုတောင်းဆိုလှုပ်ရှားမှုတွေအပြီးမှာ အခြေခံဆရာ၊ ဆရာမခန့်ထားစာရင်းတွေ ဒီရက်ပိုင်းထဲမှာ ထွက်လာခဲ့သလို နည်းပညာတက္ကသိုလ်နဲ့ကွန်ပျူတာတက္ကသိုလ် က ရာထူးတိုး စာရင်းတွေလည်းထွက် လာခဲ့တယ်လို့သိရပါတယ်။