ကျေးလက်လူထုနဲ့ ဒေါ်စု ဒေသဖွံ့ဖြိုးရေး ဆွေးနွေး

  • 7 ဩဂုတ် 2017
Image caption နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ မန္တလေးတိုင်း ၀န်ကြီးချုပ်တို့ ကျေးလက်ပြည်သူနဲ့ တွေ့ဆုံ

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျေးလက်နေ လူထုရဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို မိတ္ထီလာခရိုင်ထဲက မြေတိုင်ကန်ရွာမှာ ပြုလုပ်ခဲ့ပါတယ်။

၂၀၁၇ နှစ် ဇန်နဝါရီလ ၁ ရက်နေ့က စလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်ပယ် အသီးသီးက သူတွေနဲ့ ငြိမ်းချမ်းရေး စကားဝိုင်း လုပ်ခဲ့တာ ဒီတစ်ကြိမ်နဲ့ဆို ၄ ကြိမ်ရှိခဲ့ပါပြီ။

မြေတိုင်ကန် ကျေးရွာဟာ ဆိုရင် ပြီးခဲ့တဲ့ ၂ လလောက်က ၃၃ ကေဗီအေ ဓါတ်အားလိုင်း သွယ်တန်းခဲ့ပြီး အစိုးရက သိန်း၁၃၀ ကျေးရွာက သိန်း ၈၁၀ ကုန်ကျခံခဲ့ပြီး ရွာမီးလင်းအောင် လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ စကားဝိုင်းမှာ ဒေသခံတွေက သူတို့အခက်အခဲ တွေကို တင်ပြ ဆွေးနွေးခဲ့ကြပြီး အသေးစား အလတ်စား လုပ်ငန်း တွေရပ်နေရတဲ့ အခြေအနေကိုလည်း ဆန်စက်လုပ်ငန်းရှင် ဦးကျော်ဖုန်းက တင်ပြခဲ့ပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေး ဝန်ထမ်းတွေက ကျေးရွာသားတွေအပေါ် အနိုင်ကျင့်တာတွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ အောက်ခြေကဝန်ထမ်းတွေ အလုပ်မလုပ်တာတွေကို တင်ပြခဲ့ကြောင်း သတင်းရရှိပါတယ်။

ငြိမ်းချမ်းရေး မရသေးတာနဲ့ ပါတ်သက်လို့ တစ်ယောက်နဲ့ တယောက် ယုံကြည်မှု အပြည့်အ၀ မရှိသေးလို့ ပန်းတိုင်ကို မရောက်သေးတာလို့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒီလိုငြိမ်းချမ်းတဲ့ဒေသက လူတွေတောင် အလုပ်ရတာ အခက်အခဲများစွာရှိရင် မငြိမ်းချမ်းတဲ့ဒေသက လူတွေဟာ သူတို့ ဘဝရှင်သန်ဖို့ အတွက် ဘယ်လောက် ခက်ခဲမလဲဆိုတာကို နားလည်ဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကိုလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

မိတ္တီလာခရိုင် ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာဟာ အိမ်ခြေ ၂၅၀ ကျော် ရှိပြီး ဒီရွာရဲ့ထူးခြားချက်ကတော့ အရက်ဆိုင်မရှိတာနဲ့ ဒေသခံ လူငယ်တွေဟာ တခြားဒေသကိုထွက်ကာ အလုပ်မလုပ် ကြဖူးလို့ သိရပါတယ်။

ဒီရွာဟာ နေပြည်တော်ကနေ နေခြင်းပြန်သွားလို့ ရပြီး လျှပ်စစ်မီး ရရှိအောင်ကိုယ်ထူ ကိုယ်ထလုပ်ခဲ့တဲ့ ရွာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ