တရားခံ ဖြစ်သွားတဲ့ တရားလို

  • 7 ဩဂုတ် 2017
Image caption တရားခွင်မှာ ကိုကျော်မျိုးရွှေကို သာမာန်လွတ်လပ်သူလို လာတဲ့အတွက် ဥပဒေနဲ့မညီဘူးလို့ ကိုဆွေဝင်းရဲ့ ဥပဒေအတိုင်ပင်ခံ ဦးခင်မောင်မြင့် က ပြော

မြန်မာနောင်း သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုဆွေဝင်းကို ၆၆ ဃနဲ့ ဒုတိယအကြိမ်မြောက်ရုံးတင်စစ်ဆေးတာမှာ တရားလို ကိုကျော်မျိုးရွှေဟာ အစိုးရပြုတ်ကျရေးသပိတ်စခန်းဖွင့်တာမှာပါလို့ အဖမ်းခံရလို့ တရားခံဖြစ်သွားခဲ့ပါတယ်။

ဩဂုတ်လ ၇ရက်နေ့ က မန္တလေး မဟာအောင်မြေမြို့နယ်တရားရုံးမှာ ကိုဆွေဝင်း အမှုကို စပြီးစစ်ဆေးတဲ့အချိန်မှာ မန္တလေး ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ထားတဲ့ ကိုကျော်မျိုးရွှေရောဟာ အစစ်ခံဖို့ တရားရုံး ကိုရောက် လာပြီး ကိုဆွေဝင်း ကိုပေးထားတဲ့ အာမခံပယ်ဖျက်ပေးဖို့ လျှောက်ထား ခဲ့ပါတယ်။

ဒါပေမယ့် ကိုကျော်မျိုးရွှေဟာ တရားခံပြေးဖြစ်လျှက်နဲ့ အချုပ်သား အဖြစ်နဲ့ မလာဘဲ လွတ်လပ်စွာ တရားရုံးကို လာခွင့်ပေးတဲ့အတွက် ကိုဆွေဝင်းရဲ့ ရှေ့နေတွေက ကန့်ကွက်ခဲ့ပါတယ်။

တရားသူကြီးက နောက်ရုံးချိန်းအတွက် ရက်ပေးပြီး တရားခွင်အပြီးမှာတော့ ကိုကျော်မျိုးရွှေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ကိုဆွေဝင်းရဲ့ ဥပဒေအတိုင်ပင်ခံရှေ့နေက တရားခွင်မှာ ကိုကျော်မျိုးရွှေကို သာမာန်လွတ်လပ်သူလို လာတဲ့အတွက် ဥပဒေနဲ့မညီဘူးလို့ ကိုဆွေဝင်းရဲ့ ဥပဒေအတိုင်ပင်ခံ ဦးခင်မောင်မြင့် က ပြောပါတယ်။

ကိုဆွေဝင်းကို ၆၆ ဃနဲ့ တရားစွဲတဲ့ ကိုကျော်မျိုးရွှေဟာ နောက်ရုံးချိန်းမှာတော့ အချုပ်သားဘဝနဲ့ တရားလိုလုပ်ပြီး စစ်ဆေးခံရမှာဖြစ်ပါတယ်။

တရားစွဲခံနေရတဲ့ ကိုဆွေဝင်းကတော့ သူ့အနေနဲ့ ဦးဝီရသူအပေါ် ပါရာဇိက ကျပြီလို့ ပြောဆိုခဲ့တာနဲ့ပတ်သက်လို့ ရဟန်း တစ်ပါး ရဲ့ ပြောဆို ချက် ကို ကိုးကားပြီး ရေးခဲ့တာသာ ဖြစ်လို့ ပြောပါတယ်။

ကိုဆွေဝင်းဟာ ၂၀၁၇ မတ်လက ဦးဝီရသူဟာ ဦးကိုနီသတ်သူကို အားပေးအားမြောက်ပြုလို့ ပါရာဇိကကျပြီလို့ သတင်းတပုဒ်ကို ကိုးကားပြီး သူ့လူ့မှုကွန်ယက်မှာ ရေးသားခဲ့လို့ ဦးဝီရသူရဲ့ ဒကာတယောက်ဖြစ်တဲ့ ကိုကျော်မျိုးရွှေက အမှုဖွင့်တိုင်ကြားခဲ့ပြီး ဇွန်လ ၃၀ ရက်က အဖမ်းခံရပြီး ၃၁ ရက်က အာမခံရခဲ့တာဖြစ်ပါတယ်။

ကိုကျော်မျိုးရွှေကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမှာ အစိုးရပြုတ်ကျရေး သပိတ်စခန်းဖွင့်တာမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဝရမ်းထုတ်ခံရပြီး ကိုဆွေဝင်း ရဲ့ အမှု ရုံးချိန်းအပြန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်တာဖြစ်ပါတယ်။