UNFC နဲ့ ငြိမ်းချမ်းရေး ကော်မရှင် ရက်ပိုင်းအတွင်း တရားဝင် တွေ့ဆုံမယ်

  • 7 ဩဂုတ် 2017
Image caption ချင်းမိုင်မှာ အလွတ်သဘော တွေ့ဆုံ

တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ မပါဝင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ကြား လာမယ့် ဩဂုတ်လ ၁ဝ ရက်နေ့မှာ တရားဝင် တွေ့ဆုံသွားဖို့ ရှိပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခု ရက်ပိုင်းကပဲ အလွတ်သဘော တွေ့ဆုံ ခဲ့ကြတုန်းကတော့ သဘောထား ကွဲလွဲ ချက်တွေ ရှိနေဆဲ ဖြစ်တယ်လို့ နှစ်ဘက်လုံးက ပြောထားပါတယ်။

အစိုးရ စစ်တပ်ဘက်က တနိုင်ငံလုံး အပစ်ရပ်ကြောင်း ကြေညာဖို့ လိုတယ် ဆိုတဲ့ အချက်နဲ့ NCA ထိုးပြီး နောက်မှာလည်း သဘောတူမှု မကျိုးပေါက်ဖို့ နိုင်ငံတကာက သူတွေပါ ပါဝင် စောင့်ကြည့်ဖို့ ဆိုတဲ့ တောင်းဆိုချက် တွေကို အစိုးရဘက်က လက်မခံ နိုင်ဖြစ်နေတယ် ဆိုပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်တစ်ယောက် ဖြစ်တဲ့ ဦးထွန်းဇော်က ဘီဘီစီကို ပြောပါတယ်။

ချင်းမိုင်မြို့ အလွတ်ဆွေးနွေးပွဲမှာ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ထဲ ပါဝင်ခဲ့တဲ့ ဦးလှမောင်ရွှေကတော့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဆိုတာ ခရီးရှည် သွားရမယ့် လုပ်ငန်းစဉ် ဖြစ်ပြီး နှစ်ဘက်ကြား အဓိက လုပ်ဆောင်ရမှာဟာ ယုံကြည်မှု တည်ဆောက်ရေး ဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်က စလို့ အခု အရပ်သား ဦးဆောင်တဲ့ အစိုးရသစ် လက်ထက် အထိ ငြိမ်းချမ်းရေး အတွက် အကြိမ်ကြိမ် ဆွေးနွေးတာတွေ လုပ်ခဲ့ပေမယ့် တိုးတက်မှု နှေးကွေးနေတယ် ဆိုပြီး စောင့်ကြည့် လေ့လာသူတွေက ဝေဖန် ကြပါတယ်။

UNFC အဖွဲ့ဝင်တွေ NCA ထဲ ပါဝင် လာမလား ဆိုတာ ဩဂုတ်လ ၁ဝရက်နေ့ အစည်းအဝေး အပေါ် အများကြီး မူတည် နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တကယ်လို့ UNFC အဖွဲ့ဝင်တွေ NCA ထဲ ပါဝင် လာကြပြီ ဆိုရင်တောင် NCA ပြင်ပ နည်းလမ်းကို ရှာဖွေမယ်လို့ မူဝါဒ ချမှတ် ထားတဲ့ မြောက်ပိုင်း အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရှိနေသေးတာကြောင့် တနိုင်ငံလုံးကို တကယ်တမ်း ခြုံလွှမ်း နိုင်တဲ့ ငြိမ်းချမ်းရေး ရဖို့ ရှေ့ဆက် လုပ်ဆောင်ဖို့ရာတွေ အများကြီး ရှိနေသေးတယ်လို့ လေ့လာသူတွေက သုံးသပ် နေကြပါတယ်။