ငြိမ်းချမ်းရေးရဖို့ ဖွဲ့စည်းပုံပြင်ရမယ်

  • 8 ဩဂုတ် 2017
Image caption ၈၈လူထု လှုပ်ရှားမှု အခမ်းအနား

၂၉ နှစ်မြောက် ၈၈ အရေးအခင်း လူထုလှုပ်ရှားမှု အခမ်းအနားများကို ရန်ကုန်နဲ့ နိုင်ငံတဝန်းမှာ ကျင်းပခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကြီးဟာ တပါတီ အာဏာရှင်စနစ်နဲ့ စစ်အစိုးရကို ဖြုတ်ချနိုင်ဖို့ ထောင်နဲ့ချီ ပြည်သူ၊ ရဟန်းနဲ့ ကျောင်းသူကျောင်းသား တွေ ဆန္ဒပြ တောင်းဆိုခဲ့တဲ့ သမိုင်းဝင်နေ့တနေ့ ဖြစ်ပါတယ်။

အခမ်းအနားကျင်းပတဲ့ သင်္ဃန်းကျွန်း ဓမ္မပီယကျောင်းတိုက်အတွင်းမှာ ၈၈ လှုပ်ရှားမှုတုန်းက ဆန္ဒပြမှု၊ ကျဆုံးသွားခဲ့သူတွေရဲ့ ဓါတ်ပုံနဲ့ စစ်တပ်က နှိမ်နင်းခဲ့တဲ့ လှုပ်ရှားမှု ဓါတ်ပုံတွေ ကိုပြသထားပါတယ်။ ၈လေးလုံး အရေးအခင်းမှာ သေဆုံးသူ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ စာရင်း ထုတ်ပြန်တာ မရှိခဲ့ပါဘူး။ သွေးနဲ့ရင်းပြီး တောင်းဆိုခဲ့တဲ့ ဒီမိုရေစီဟာ အခုရှိထိ အပြည့်အဝ မရှိတဲ့အကြောင်းကို ၈လေးလုံး အရေးအခင်း ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးမင်းကိုနိုင် ကပြောပါတယ်။

ဒါ့အပြင် ဦးမင်းကိုနိုင် က အမိမြန်မာပြည်မှာ တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်ကြပြီး သွေးမြေကျနေရတာ မဖြစ်သင့်တဲ့ကိစ္စ လို့ပြောတယ်။ ပြည်တွင်းစစ် ငြိမ်းသွားအောင် လက်ရှိအစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ရပါမယ်။ ဒီလို ပြန်လည် သင့်မြတ်ရေး လုပ်တဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဖြစ်မနေ ပြင်ရမယ်လို့ ပြောပါတယ်။

လာမယ့် ၈၈လူထုလှုပ်ရှားမှု ၃၀ ပြည့်နှစ်မှာတော့ ၈လေးလုံး အရေးအခင်းမှာ ကျဆုံးခဲ့သူတွေနဲ့ သမိုင်းဝင် လှုပ်ရှားမှုအတွက် ပြတိုက်တခု တည်ထောင်ဖွင့်လှစ် နိုင်ဖို့ ၈၈ မျိုးဆက်များက သာသနာရေး ဝန်ကြီး သူရဦးအောင်ကို ကို တောင်းဆို ထားပါတယ်။ ဦးအောင်ကိုအနေနဲ့ ပြည်သူ့ လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်လို့ ၈၈ မျိုးဆက် ကိုဂျင်မီက ပြောပါတယ်။ အခမ်းအနားမှာ အတိုက်အခံပါတီနဲ့ အဖွဲ့အစည်းများ ကလည်း သဝဏ်လွှာကို ပေးပို့ကြပါတယ်။

ဝါရင့်နိုင်ငံရေးသမား စာရေးဆရာ မောင်မိုးသူကတော့ အခုအခါ ဒီမိုကရေစီ လမ်းစပေါ်ကို ရောက်နေပြီလို့ ပြောနိုင်တဲ့ အဆင့်သာရှိပြီး အရပ်သား အစိုးရပေါ်ပေါက်လာပေမယ့် ၂၀၀၈ဖွဲ့စည်းပုံ ဘောင်ထဲက ဖြစ်လို့ မတ်တင်း အစိုးရသာဖြစ်တယ် အခုအချိန်ထိ ခြိမ်းခြောက် သတ်ဖြတ်မှုတွေ ရှိသေးတယ်လို့ ဘီဘီစီကိုပြောသွားပါတယ်။