ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ် အလေအလွင့်များနေ

  • 8 ဩဂုတ် 2017
Image caption စီးပွားရေးကျဆင်းရတာ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ဆိုပြီး ထောက်ပြ

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပေးပိုလာတဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ရဲ့ ဘတ်ဂျက်ကို စစ်ဆေးတဲ့ အစီရင်ခံစာ အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လေ့လာ တွေ့ရှိချက် အစီရင်ခံစာကို သြဂုတ်လ ၈ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်ကိုတင်ပြခဲ့ပါတယ်။

အဲဒီအစီရင်ခံစာပါထောက်ပြချက်အရ အစိုးရအသုံးစရိတ်မှာ လေ့လွင့်မှုတွေ အများကြီးရှိတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြခဲ့ပါတယ်။

ဒီအစီရင်ခံစာတစ်ခုလုံးကို ကြည့်ရင် တိုင်းပြည်ဆင်းရဲရတဲ့ အချက် ၅ ချက်ကို တွေ့ရှိရတယ်လို့ မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။

သူတွေ့ရှိတဲ့ အချက် ၅ ချက် ကတော့ လက်တွေ့မကျပဲ ရေးဆွဲထားတဲ့ စီမံကိန်းတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ လည်ပတ်လျှက်ရှိတဲ့ နိုင်ငံတော်စီမံကိန်းတွေ နဲ့ စက်ရုံတွေက ဝင်ငွေ လေလွင့်မှုများတာတွေ၊ ခေတ်မမီတဲ့ အစိုးရယန္တရား ကြောင့် ကြွေးကျန်မှု များပြီး ဆုံးရှုံးမှု များတာတွေ၊ အစိုးရရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ ရေရှည်ခိုင်ခန့်မှုမရှိပဲ ဘဏ္ဍာငွေ အထပ်ထပ် ကုန်ကျနေတာတွေ၊ အကျိုးအမြတ် များတဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေ၊ နိုင်ငံပိုင်မြေနဲ့ အဆောက်အဦ တွေကို လူတစ်စုက လက်ဝါးကြီးအုပ် ထားတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်ပိုင် စက်ရုံတွေရဲ့ ဆုံးရှုံးမှု အပိုင်းမှာလည်း တချို့ စက်ရုံတွေဟာ ထွက်ကုန်မရှိပဲ နိုင်ငံတော်က ချေးငွေတွေအတွက် အတိုးတွေ ပြန်ပေးဆပ်နေရတာ ကျပ်ငွေ ဘီလျံ သောင်းချီပြီး ရှိနေတယ်လို့ သူက ပြောပါတယ်။

ဒါအပြင် စာရင်းစစ်ချုပ်ရဲ့ တွေ့ရှိချက်မှာ ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ အသုံးစရိတ်ဟာ ပညာရေး ကျန်းမာရေး ဝန်ကြီးဌာန နှစ်ခုပေါင်းထက် များနေတယ်လို့လဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မဖြူဖြူသင်းက ထောက်ပြ ဆွေးနွေးခဲ့ပါတယ်။ နောက်ပိုင်း နှစ်တွေမှာ ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်တွေဟာ ပညာရေး ကျန်းမာရေး အသုံစရိတ်တွေနဲ့ ကွာခြားမှု နည်းနည်းလျော့လာတယ်ဆိုပေမယ့် ကာကွယ်ရေးအသုံးစရိတ် လျော့တောင်းလာလို့ မဟုတ်ပဲ ပညာရေး ကျန်းမာရေးဖက်မှာ အသုံးစရိတ်တွေ နည်းနည်းပိုလာလို့ ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆွေးနွေးချက်တွေနဲ့ အကြံပြုချက်တွေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု လိုက်မယ်ဆိုရင် အစိုးရအဖွဲ့အနေနဲ့လည်း လိုက်နာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။