အခြေခံ ဥပဒေ ခုံရုံးကို လွတ်လပ်တဲ့ မဏ္ဍိုင်အဖြစ် ရှိနိုင်ရေး အကြံပြု

  • 8 ဩဂုတ် 2017
Image caption အခြေခံဥပဒေ ခုံရုံးဟာ လွတ်လပ်တဲ့ မဏ္ဍိုင်အဖြစ် ရပ်တည်ဖို့ လို။

အမြင့်ဆုံး တရားရေး အဖွဲ့အစည်း ဖြစ်တဲ့ အခြေခံဥပဒေ ခုံရုံး နဲ့ ပတ်သက်ပြီး ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ တောင်းဆိုသံတွေ ထွက်ပေါ် လာပါတယ်။

လက်ရှိ ကျင့်သုံး နေသလိုမျိုး အခြေခံဥပဒေ ခုံရုံးကို အစိုးရနဲ့ လွှတ်တော်တို့ နဲ့ သက်တမ်း အတူတူ ထားရှိနေတဲ့ အချက်အပေါ် ပြန်လည် သုံးသပ်ကြဖို့ ပွင့်လင်းမြန်မာ့ ရှေ့ဆောင် OMI ဆိုတဲ့ သုတေသန အဖွဲ့အစည်းက ထောက်ပြ လာတာ ဖြစ်ပါတယ်။

အဲဒီလို သက်တမ်းတွေ တူနေတဲ့ အတွက် အစိုးရနဲ့ လွှတ်တော် အသစ် ပေါ်ပေါက်လာတိုင်း သမ္မတသစ် ဖြစ်လာသူက လွှတ်တော် ဥက္ကဌတွေရဲ့ သဘောတူမှုနဲ့ ခန့်အပ်တဲ့ အခြေခံ ဥပဒေ ခုံရုံး ဥက္ကဌနဲ့ အဖွဲ့ဝင်တွေလည်း အပြောင်းအလဲ ဖြစ်ရပါတယ်။

ဒါ့ကြောင့် အခြေခံဥပဒေ ခုံရုံးဟာ အစိုးရနဲ့ လွှတ်တော်တို့ကနေ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်ပါ့မလား ဆိုပြီး မေးခွန်း ထုတ်စဖွယ် ဖြစ်လာစေတယ်လို့ OMI အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိ ခုံရုံး ဥပဒေအရ ခုံရုံး အဖွဲ့ဝင်တွေဟာ သူတို့ကို ရွေးချယ်ခဲ့တဲ့ သူတွေကို လုပ်ငန်းလုပ်ဆောင်မှု အပိုင်းနဲ့ ပတ်သက်လို့ ပြန်လည် အစီအရင်ခံဖို့ လိုအပ် နေတာကြောင့် ခုံရုံးအဖွဲ့ဝင်တွေနဲ့ သမ္မတ ၊ လွှတ်တော် ဥက္ကဌ အကြား ဆက်ဆံရေးက အထက်အောက် ဆက်ဆံရေးလို ဖြစ်နေတယ် ဆိုပြီးတော့လည်း ဦးအေးကျော်က ဝေဖန်ပါတယ်။

တခါ၊ အခြေခံဥပဒေ ပညာရှင် ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျှံ ကလည်း နိုင်ငံတကာ မှာတော့ ခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို အသက် ၇ဝ လောက်အထိ ဘယ်အစိုးရ တက်တက် တာဝန် ထမ်းနိုင်တဲ့ စနစ်မျိုး ကျင့်သုံး နေတယ်လို့ ပြောပါတယ်။

ဒါမှလည်း အခြေခံဥပဒေ ခုံရုံးဟာ အစိုးရ ၊ လွှတ်တော်တွေရဲ့ လွှမ်းမိုးမှု ကင်းကင်းနဲ့ အလုပ် လုပ်နိုင်မှာ ဖြစ်တယ်လို့ လည်း ဒေါက်တာ ငွန်ကျုံးလျှံက ဆိုပါတယ်။

၂ဝ၁ဝ မှာ စတင် ထုတ်ပြန်တဲ့ ခုံရုံး ဥပဒေ စပေါ် ကတည်းက ရေတွက်မယ် ဆိုရင် စုစုပေါင်း သုံးကြိမ်လောက် ပြင်ဆင် ခဲ့ပေမယ့် အခြေခံ ဥပဒေ ခုံရုံးကို လွတ်လပ်တဲ့ မဏ္ဍိုင်အဖြစ် ရပ်တည် နိုင်စေဖို့ အတွက် ရည်ရွယ် ပြင်ဆင်တာမျိုးတွေ မလုပ်နိုင် သေးဘူးလို့ လေ့လာ သူတွေက သုံးသပ်ကြပါတယ်။