မန်းသပိတ်က ဖမ်းခံရတဲ့ သံဃာတွေကို ရုံးထုတ်

  • 9 ဩဂုတ် 2017
Image caption သံဃာတွေကို လူဝတ်လဲထားပြီး ရုံးထုတ်ခဲ့တာဖြစ်

မန္တလေးမှာ ဩဂုတ်လ ၅ ရက်နေ့ မနက်က အစိုးရဆန့်ကျင်ရေး သပိတ်စခန်းကို ဖြိုခွဲပြီး ဖမ်းဆီးသွားတဲ့ မိတ္ထီလာ တောင်သာလေးဆရာတော် ဦးအဂ္ဂဓဇ အပါအဝင် လူဝတ်လဲသံဃာတော် ခြောက်ပါးနဲ့ လူပုဂိုလ် တစ်ယောက်တို့ကို သြဂုတ်လ ၉ ရက်နေ့က ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေကို ထောက်ခံ ဝန်းရံသူတွေက ဖမ်းခံရသူတွေရဲ့ ဓါတ်ပုံတွေကို ဗီနိုင်းထုတ်ပြီး လွတ်မြောက်ရေး ဆန္ဒထုတ်ဖေါ်ခဲ့သလို လူ ၃၀၀ ဝန်းကျင်လောက်က လာရောက် အားပေးတဲ့ အတွက် တရားရုံးဝင်း တခုလုံး ပြည့်သွားခဲ့ပါတယ်။

တရားခွင်မှာတော့ ရဲတပ်ဖွဲ့က နောက်ထပ်ဖမ်းဖို့ သံဃာ နှစ်ပါးနဲ့ လူ လေးယောက် ကျန်သေးတာကြောင့် နောက်ရုံးချိန်းကို ၂၃ ရက်နေ့ ထပ်မံချိန်းဆိုလိုက်ပါတယ်။

တရားရုံး အထွက်မှာ ဖမ်းဆီးခံ သံဃာတော်တစ်ပါးက ဒီမိုကရေစီ စနစ်ဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို အကြမ်းဖက် ဖမ်းဆီးခဲ့တဲ့အတွက် အစိုးရဟာ အာဏာရှင်ဆန်တယ်ဆိုပြီး ပြောသွားပါတယ်။

ဖမ်းခံရသူ တွေရဲ့ အမှုလိုက်ရှေ့နေ ဦးအောင်ရဲစိုးကတော့ သူ့အမှုသည်တွေ အတွက် အာမခံတင်မယ်လို့ ဆိုပါတယ်။

တရားရုံးဖက်ကတော့ သူတို့ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(ခ) နိုင်ငံတော် အကြည်ညို ပျက်စေမှုဆိုတာ အာမခံပေးလို့ မရတဲ့အကြောင်းနဲ့ အထက်ညွန်ကြားချက် မရှိတဲ့အကြောင်း ချမ်းမြသာစည်မြို့နယ် တရားသူကြီး ဒေါ်မြတ်မြတ်လွင်က ဘီဘီစီကို ပြောပါတယ်။

ခုဖမ်းခံရသူတွေဟာ ဩဂုတ်လ ၂ ရက်နေ့က မန္တလေး ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီး အနောက်မုခ်နားက သာသနာ ၂၅၀၀ ဓမ္မဗိမ္မာန်မှာ အစိုးရ နုတ်ထွက်ပေးရေး သပိတ်စခန်း ဖွင့်ခဲ့ပြီး သုံးရက်အကြာမှာ ဖြိုခွဲခံရတာ ဖြစ်ပါတယ်။ ဖမ်းဆီးတုန်းကတော့ ၁၀ ဦးကျော် ဖြစ်ပြီး ဦးဆောင်တဲ့ သံဃာတော် ၆ပါးကိုသာ ဖမ်းပြီးတော့ ကျန်သူတွေကို ခံဝန်နဲ့ လွှတ်ပေးခဲ့ပါတယ်။

မြန်မာနောင်း အယ်ဒီတာချုပ် ကိုဆွေဝင်းကို တရားလိုလုပ် တရားစွဲထားတဲ့ ကိုကျော်မျိုးရွှေဆိုသူကိုတော့ ကိုဆွေဝင်းအမှုရုံးချိန်း ဩဂုတ်လ ၇ ရက်နေ့မှာ ဖမ်းဝရမ်းနဲ့ ဖမ်းဆီးခဲ့ပြီး ဒီကနေ့ ရုံးထုတ်တဲ့ အထဲမှာ ပါခဲ့ပါတယ်။ နောက်ထပ် ပုသိမ်ကြီးမြို့နယ် ဓမ္မသုခကျောင်းက သံဃာ ၂ပါးနဲ့ မန္တလေးမြို့ပေါ်က လူပုဂိုလ် ၄ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ ဖမ်းဝရမ်းနဲ့ ရှာဖွေနေဆဲဖြစ်ပါတယ်။