လယ်ယာမြေ ဥပဒေကြမ်းအကြောင်း တောင်သူတွေ ဆွေးနွေး

  • 9 ဩဂုတ် 2017
Image caption ပြန်လည် ပြင်ဆင်မယ့် လယ်ယာမြေ ဥပဒေမှာ တောင်သူတွေရဲ့ လက်တွေ့ လိုအပ်ချက်တွေ ပါဖို့ တောင်သူတွေဘက်က လိုလားနေ

မကြာခင် လွှတ်တော်မှာ ပြင်ဆင်မယ့် လယ်ယာမြေ ဥပဒေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးနဲ့တရားမျှတရေးအဖွဲ့က ဦးစီးပြီး ပြည်နယ်နဲ့ တိုင်း ၁၄ခုက လယ်သမားခေါင်းဆောင် ၁၀၀ကျော်ဟာ မန္တလေးမြို့က ဟိုတယ် မန္တလေးမှာ ၂ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။

လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက လယ်ယာမြေ ဥပဒေပြင်ဆင်ရေး မူကြမ်းကို လွှတ်တော်မှာ တင်သွင်း ဆွေးနွေးနေတဲ့အတွက် ဒီမူကြမ်းအတည်ဖြစ်တဲ့အခါ ပါသင့်ပါထိုက်တာတွေပါဖို့နဲ့ ဒီဥပဒေကြမ်းဟာ တောင်သူတွေ ပကတိ ကြုံတွေ့ ခံစားနေရတာတွေနဲ့ နှိုင်းယှဉ်ရင် ဘယ်လို အားနည်းချက်တွေ ရှိနေသလဲဆိုတာကို ဖေါ်ထုတ်ဖို့ အခုလို ဆွေးနွေးပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ အပြီးမှာတော့ လယ်ယာမြေ ပိုင်ဆိုင်မှု ပုံစံ ၇ ပြဿနာ၊ အမျိုးသား အမျိုးသမီး တန်းတူညီမျှ အခွင့်အရေး၊ သိမ်းဆည်းမြေ စီမံခန့်ခွဲမှု အမှားတွေ၊ တိုင်းရင်းသား ဓလေ့ထုံးတမ်း မြေယာလုပ်ပိုင်ခွင့်၊ တောင်သူအဓိပ္ပါယ် ဖွင့်ဆိုချက် ၊ မြေကြီးမြေပုံ မှန်ကန်ရေး၊ မြေမဲ့ယာမဲ့တွေကို မြေယာ ပိုင်ဆိုင်ခွင့်ရဖို့ နဲ့ သီးနှံ အာမခံစနစ် အစရှိတဲ့ အချက် ၁၄ ချက်ကို သဘောတူညီမှု ရခဲ့ပြီး အချော ရေးပြီးရင် လွှတ်တော်ကို တင်ပြဖို့ ကြိုးစားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။