မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံရသူတွေကို မြန်မာ လူ့အခွင့်အရေးကော်မရှင် တွေ့ဆုံ

  • 10 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဖမ်းဆီးခံသတင်းသမားတွေကို သီပေါတရားရုံးမှာ သြဂုတ်လ ၄ ရက်နေ့က ရုံးထုတ်လာစဉ်

မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်က အဖွဲ့ဝင်တွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မတရားအသင်းနဲ့ ဆက်သွယ်လို့ ဆိုပြီး စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ သတင်းစာဆရာ ၃ ဦးကို အဖမ်းခံရပြီး ၂ လ နီးပါ အကြာ မနေ့ (ဗုဒ္ဓဟူးနေ့) က သီပေါ အကျဉ်းထောင်မှာ တွေ့ဆုံခဲ့တယ်လို့ ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ဘီဘီစီကို ပြောပါတယ်။

သတင်းသမားတွေဟာ ထောင်ထဲမှာ နေထိုင် စားသောက်ရတာ အဆင်ပြေပြီး ကျန်းမာရေးလည်း ကောင်းမွန်တယ်လို့ ဦးယုလွင်အောင်က ဆိုပါတယ်။

အခုတွေ့ဆုံရာမှာ သူနဲ့ အတူ အခြား ကော်မရှင် အဖွဲ့ တဦး ဖြစ်သူ ဒေါက်တာမြင့်ကြည် ပါဝင်ပြီး သတင်းသမားတွေ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို ဂဃနဏ သိခဲ့ရတဲ့ အတွက် သူတို့ အတွက် ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို စဉ်းစားနေကာ ရန်ကုန်မှာ ကျန်ခဲ့တဲ့ အခြား ကော်မရှင် အဖွဲ့ဝင်တွေကို တင်ပြဖို့ ရှိတယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။

ဒါပေမယ့် ဖမ်းဆီး ခဲ့တဲ့ တပ်မတော်ဘက် အပါအဝင် အခြား အချက်အလက်တွေကို စစ်ဆေးမှုတွေ မပြုလုပ်ရသေးလို့ ဒီပြဿနာကို ဘယ်လို ဖြေရှင်းပေးနိုင်မလဲ ဆိုတာတော့ အခု အချိန်မှာ သေချာ မပြောနိုင်သေးဘူးလို့ သူ က ဆိုပါတယ်။

နိုင်ငံတော် လုံခြုံရေးကို ထိပါး စေတဲ့ လုပ်ရပ်တွေ မကျူးလွန်ခဲ့ဘဲ သတင်းသမား အလုပ်သက်သက်လုပ်ခဲ့ကြောင်းသာ ထင်ရှားခဲ့ရင်တော့ သတင်းသမားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတော် သမ္မတရုံးနဲ့ ပြည်ထဲရေး၊ ကာကွယ်ရေး ဝန်ကြီးဌာနတွေ အပါအဝင် သက်ဆိုင်ရာ ဌာနတွေကို မေတ္တာရပ်ခံဖို့ ရှိတယ်လို့လည်း ဦးယုလွင်အောင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption သတင်းသမားတွေကို ရုံးထုတ်စစ်ဆေးနေတဲ့ သီပေါတရားရုံး

အစိုးရနဲ့ အပစ်ရပ် လက်မှတ် မထိုးရသေးတဲ့ တအာင်း/ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) နယ်မြေမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သတင်းသွားယူခဲ့တဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ကိုအေးနိုင်၊ ကိုပြည့်ဘုန်းအောင်နဲ့ ဧရာဝတီ သတင်းဌာနက ကိုသိန်းဇော် (ကိုလဝီ) တို့ကို နမ့်ဆန်-သီပေါ် ကားလမ်းပေါ်မှာ တပ်မတော်စစ်ကြောင်းက ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။

သူတို့ကို ပုဒ်မ ၁၇/၁ မတရားအသင်း ဆက်သွယ်မှုနဲ့ တရားစွဲဆိုထားပြီး သီပေါ တရားရုံးမှာ ရုံးထုတ်စစ်ဆေးနေကာ သူတို့ရဲ့ အာမခံကို ငြင်းပယ်ထားပါတယ်။

မနှစ် ဒီဇင်ဘာလတုန်းက စစ်တပ်က ဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှု အပါအဝင် အခြား ပုဒ်မတွေနဲ့ တရားစွဲဆိုခံနေရတဲ့ ကချင် နှစ်ခြင်း ခရစ်ယန် အသင်းတော်က သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဓမ္မဆရာ ဦးလန်ဂျော်ဂမ်ဆိုင်း တို့ကိုလည်း ကြာသပတေးနေ့ (ဒီနေ့) နေ့လည်းပိုင်းမှာ လားရှိုးမြို့ အကျဉ်းထောင်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။

အဲဒီ ဘာသာရေးဆရာ ၂ ဦး ဟာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေရဲ့ စစ်ပွဲ သတင်းတွေနဲ့ ပတ်သက်ပြီး မီဒီယာကို ဖြေဆိုခဲ့သူတွေဖြစ်လို့ ဒီအမှုကိုလည်း မီဒီယာလွတ်လပ်ခွင့်နဲ့ ဆက်စပ်ပြီး သုံးသပ် ဝေဖန်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။