အင်အားဖြည့်ဖို့ တပ်တွေ အလုံးအရင်းရောက်နေ

  • 10 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် MOI
Image caption ANP ပြည်ထောင်စု လွှတ်တော် အမတ်တွေ ကာကွယ်ရေး ဦးစီးချုပ်နဲ့တွေ့

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တပ်မတော်က ရဟတ်ယာဉ် ၆စင်းနဲ့ စစ်သည် အင်အား ငါးရာနီးပါး ရောက်လာနေပါတယ်။

ဒါဟာ ပထမဆုံး အကြိမ် တပ်အင်အား ဖြည့်ဖို့ ရောက်လာတာ ဖြစ်ပြီး အကြမ်းဖက်မှု အန္တရယ် ကို နှိမ်နင်းဖို့ လာရောက်တာလို့ သိရပါတယ်။

အခုလို လုံခြုံရေး တပ်ဖွဲ့ အင်အား ဖြည့်မှု အပေါ် ရခိုင် တိုင်းရင်းသားတွေက ကြိုဆိုခဲ့ကြပြီး ရခိုင်ပြည်နယ် လုံခြုံရေး အတွက် ရခိုင် အမျိုးသား ပါတီ ANP က ပြည်ထောင်စု လွှတ်တော်အမတ်တွေ တပ်မတော် ကာကွယ်ရေး ANP ဦးစီးချုပ်နဲ့ သွားရောက်တွေ့ဆုံပြီး နောက်တရက်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်မှာ စိုးရိမ်ရတဲ့ လုံခြုံရေး အခြေအနေ တည်ငြိမ်ရေးကို အဓိကထား ပြောဆိုခဲ့တယ်လို့ ရသေ့တောင် နဲ့ ပုဏ္ဍားကျွန်းမြို့နယ် ပြည်ထောင်စု လွှတ်တော် အမတ်လည်းဖြစ် ၊ အဲဒီ ဆွေးနွေးပွဲမှာလည်း တက်ရောက်ခဲ့တဲ့ ANPက ဗဟိုအလုပ်အမှုဆောင် ကော်မတီ၀င် ဦးခင်မောင်လတ်က ပြောပါတယ်။

အမတ်တွေ အနေနဲ့ လွှတ်တော်မှာ ဒီကိစ္စကို တင်ပြခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အမျိုးသား လွှတ်တော်မှာ ဆွေးနွေးဖို့ လက်ခံခဲ့တာ ဖြစ်တဲ့ အတွက် အစိုးရက ဒီကိစ္စကို အရေးယူ အလေးထားမှု မရှိတာကို ပြနေတယ်လို့ သူက ဆိုပါတယ်။

ဒေသတွင်းမှာ အသက်အန္တရာယ် ဆုံးရှုံးမှု အဆင့်ထိ ဖြစ်လာတဲ့ အတွက် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံဖို့ ANP က ပြည်ထောင်စု လွှတ်တော်အမတ်တွေက မေတ္တာရပ်ခံကာ သွားတွေ့ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ရှိတော့ ရခိုင် မြောက်ပိုင်းမှာ လုံခြုံရေး တိုးမြှင့်ဖို့ မဖြစ်မနေ လိုအပ်နေသလို ဒေသခံတွေ ရပ်တည်ဖို့ ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စတွေကို ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ လိုနေပြီလို့ လွှတ်တော် အမတ်တွေက ထောက်ပြ ပြောဆိုနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ