ပြင်ဦးလွင်က ထွန်တုံး တိုက်ပွဲဝင်သူတွေ အာမခံ ရုတ်သိမ်းခံရ

  • 10 ဩဂုတ် 2017
Image caption ထွန်တုံးတိုက်ပွဲ လုပ်ခဲ့သူတွေ မူလ အာမခံရခဲ့ပေမယ့် အာမခံ ရုတ်သိမ်းပြီး ထပ်မံ ဖမ်းဆီးခံရ

ပြင်ဦးလွင်မြို့နယ် ပြင်စာရွာမှာ သိမ်းခံထားရတဲ့ မြေတွေပြန်ရရေး ၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တုန်းက ထွန်တုံးတိုက်ပွဲလုပ်ခဲ့တဲ့အတွက် တရားစွဲ ခံထားရတဲ့ လယ်သမားအရေး လုပ်သူ ကိုတိုးကြီးနဲ့ ၉ဦးပါ အမှုကို မူလက အာမခံပေးထားပေမယ့် သြဂုတ်လ ၁၀ရက်နေ့က ရုံးချိန်းမှာ အာမခံရုတ်သိမ်းပြီး ထပ်မံ ဖမ်းဆီးလိုက်ပါတယ်။

နောက်ထပ်တောင်သူ ၁၃ ယောက်ကတော့ အမှုသစ်နဲ့ တရားစွဲခံရလို့ အာမခံရပြီး တရားရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ကိုတိုးကြီးအပါအဝင် ၁၁ယောက်ကို အတင်းလုယက်မှု၊ ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု စတဲ့ ပုဒ်မ ၄ခုနဲ့ တရားလို ၉ ယောက်က တရားရုံးကို တိုင်ကြားထားတာဖြစ်ပါတယ်။

အစက ၁၁ ယောက်ဖြစ်ပေမယ့် ကျန်တဲ့ ၂ယောက်က အမှုရင်မဆိုင်ပဲ တိမ်းရှောင်နေပါတယ်။

နောက်ထပ်ရုံးချိန်းမှာမှ သူတို့ကိုပါအောင်ခေါ်မလာနိုင်ရင် အာမခံထားသူတွေက သတ်မှတ်ငွေပမာဏ ပေးလျော်ရတော့မှာပါ။ ဒီပမာဏဟာ လူတယောက် တမှုအတွက် သိန်း ၅၀ သတ်မှတ်ထားတာကြောင့် အာမခံထားသူတွေ အခက်အခဲ ဖြစ်နေကြပါတယ်။

ပြင်ဦးလွင်မြို့နယ် ပြင်စာရွာက မြေဧက၅၀၀ နီးပါးဟာ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာန ကော်ဖီ စီမံကိန်းအတွက် ၁၉၉၈ခုနှစ်ကစပြီး သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဒီလယ်မြေတွေဟာ အာဏာပိုင်နဲ့ နီးစပ်သူတွေ လက်ထဲ ရောက်နေတဲ့ အတွက်ဆိုပြီး မူလပိုင်ရှင် ဒေသခံတွေက ထွန်တုံးတိုက်ပွဲလုပ်ပြီး ပြန်လည် ထွန်ယက်ခဲ့တာကြောင့် ခုလို တရားစွဲခံရတာ ဖြစ်ပါတယ်။