ငွေချေးဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ SME လုပ်ငန်းများ

  • 11 ဩဂုတ် 2017
Image caption မြန်မာပြည်က လမ်းဘေးဈေးသည်များ

မကြာသေးခင်က နိုင်ငံတော် အတိုင်ပင်ခံနဲ့ ကျေးလက်ပြည်သူတွေ ငြိမ်းချမ်းရေးစကားဝိုင်းမှာ အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေက ငွေချေးလို့ မရတဲ့ သူတို့ အခက်အခဲကို တင်ပြခဲ့ပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချူပ်က ဒီကိစ္စကို ဘဏ်တွေနဲ့ တိုင်ပင်ပြီး ဆောင်ရွက်ပေးမယ်လို့ ဖြေခဲ့ပါတယ်။

အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အဓိက အခက်အခဲတွေကတော့ ဘဏ်တွေ ဆီကို ငွေချေးတဲ့အခါ တရားဝင် ပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်း ပြဖို့ခက်ခဲတာနဲ့ ချေးငွေပြန်ဆပ်ရမဲ့နှစ်က တနှစ်ဖြစ်တာကြောင့် နှစ်တိုလွန်းတယ်လို့ ထောက်ပြကြပါတယ်။

လုပ်ငန်းအသစ် တခုအတွက် ငွေလည်ပတ်ဖို့နဲ့ လုပ်ငန်းလည်ပတ်ဖို့က တနှစ်နဲ့ မလောက်ဘူးလို့ ထောက်ပြသူတွေလည်းရှိပါတယ်။

အပေါင်ပစ္စည်းမဲ့ ချေးတဲ့ချေးငွေအတိုးက လုပ်ငန်းရှင်တချို့အတွက် ၁၃ ရာခိုင်နှုန်းပေးရတဲ့အတွက် လုပ်ငန်းရှင် အများစု အတိုး ၈.၅ ရာခိုင်နှုန်းပဲ ပေးရတဲ့ အပေါင်ပစ္စည်းနဲ့ ချေးချင်ကြတာပါ။

ချေးတဲ့ ဘဏ်တွေဘက်ကလည်း ဒီလို စာရွက်စာတမ်း အပြည့်အစုံ မပေးနိုင်တဲ့ လုပ်ငန်းမျိူးဆို အယုံအကြည်မရှိလို့ ချေးဖို့ ဝန်လေးနေကြပါတယ်။

လုပ်ငန်းရှင်တွေဘက်က ဘဏ်တွေဆီက ငွေချေးမယ်ဆိုရင် SME ဌာနရဲ့ အသင်းဝင် ဖြစ်ရမဲ့ အပြင် ဌာနရဲ့ ထောက်ခံချက်၊ လုပ်ငန်းလိုင်စင် နဲ့ အခွန်ဆောင် အထောက်အထားတွေကို ကိုယ့်လုပ်ငန်းအစီအစဉ်နဲ့ အတူ ချပြရမယ်လို့ စည်းကမ်းချက်တွေ ပါပါတယ်။

လုပ်ငန်းရှင်တွေ တောင်းဆိုထားသလို နှစ်ရှည်ချေးပေးဖို့ ဆိုတာကတော့ အစိုးရရဲ့ အကူအညီလည်း လိုအပ်တယ်လို့ ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်း အကြံပေးပုဂ္ဂိုလ် ဦးသန်းလွင်ကပြောပါတယ်။

နိုင်ငံတော်အစိုးရကနေ အာမခံပေးနိုင်တဲ့စနစ်မျိူးကို တိုးတက်အောင် လုပ်နိုင်ရင်တော့ SME စနစ်ဟာ ဒီထက်ပိုတိုးတက်နိုင်မယ်လို့ သူက ဆိုပါတယ်။

SME လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဘဏ်တွေဘက်က အစိုးရ အကူအညီကို လိုအပ်နေတာကြောင့် SME လုပ်ငန်းရှင်တွေကို ဘဏ်တွေက ငွေမချေးနိုင်သေးတဲ့ အခက်အခဲတွေကို အလွယ်တကူ ဖြေရှင်းဖို့ဆိုတာကတော့ အချိန်ယူဦးပဲ ဖြစ်ပါတယ်။