အပြောင်း အလဲဖော်ဆောင်ရာမှာ စိတ်ဓာတ်တွေပါ ပြောင်းဖို့လို

  • 11 ဩဂုတ် 2017
Image caption စိတ်ဓာတ် အတွေး အခေါ်တွေလည်း ပြောင်းလဲဖို့လို

ဒီမိုကရေစီ အသွင် အကူးအပြောင်းကာလမှာ လူတွေရဲ့ စိတ်ဓာတ် အတွေး အခေါ်တွေလည်း ပြောင်းလဲဖို့ လိုတယ် ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လာပြန်ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှု ဆိုတဲ့ ခေါင်းစဉ်အောက် နေပြည်တော်မှာ ကျင်းပနေတဲ့ ဖိုရမ် ဆွေးနွေးပွဲမှာ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အခုလို ပြောခဲ့တာပါ။

ဒီမို ကရေစီ ပန်းတိုင်ကို ရောက်အောင် သွားတဲ့ အခါမှာ တချို့က စိတ်ထားမမှန်ဘဲ သူတို့ လိုရာကိုသာ နည်းလမ်း ရှာပြီး သွားနေကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီမိုကရေစီ အခွင့်အရေးကို အနုတ် လက္ခဏာ ဆောင်တဲ့ ပုံစံနဲ့ သုံးစွဲ နေကြတယ်လို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောခဲ့ပြီး အဲဒီလို အသုံးချ နေကြသူတွေ ဘယ်သူဘယ်ဝါ ဆိုတာ ပြည်သူပြည်သားတွေ သိကြတယ်လို့လည်း ပြောခဲ့ပါတယ်။

အပြောင်းအလဲ ကာလ အကြောင်း ပြောကြဆိုကြမယ့် ဒီဖိုရမ်မှာ စစ်တပ် အုပ်ချုပ်ရေး ကနေ အရပ်ဘက် အုပ်ချုပ်ရေးကို အပြောင်းအလဲ၊ ဗဟိုချုပ်ကိုင် စီးပွားရေး စနစ်ကနေ စျေးကွက် စီးပွားရေးကို အပြောင်းအလဲ၊ တခါ စစ်ပွဲတွေကနေ ငြိမ်းချမ်းရေးဆီကို အပြောင်းအလဲ ဆိုတဲ့ ကဏ္ဍတွေ အပေါ် ဒေါ်အောင်ဆန်းစုကြည်က အာရုံစိုက် ပြောဆိုခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂ ဗကသ ဥက္ကဌ အဖြစ် ၁၉၈၈ နောက်ပိုင်း နှစ်ပေါင်းများစွာ ထောင်ချ ခံခဲ့ရတဲ့ ဦးမင်းကိုနိုင် လည်း ဒီဖိုရမ်မှာ လေ့လာသူ အဖြစ် ရှိနေခဲ့ပါတယ်။

ပြောင်းလဲမှုကို မဖော်ဆောင်လိုတဲ့ သူတွေ ရှိနေတဲ့ အတွက် လက်ရှိ အစိုးရ လက်ထက် လုပ်ဆောင်နေတဲ့ ပြုပြင် ပြောင်းလဲရေးတွေမှာ အကန့်အသတ်တွေ အများကြီး တွေ့ကြုံ နေရတယ်လို့ ဦးမင်းကိုနိုင်က ဘီဘီစီကို ပြောပါတယ်။

၃ ရက်ကြာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒီ ဖိုရမ်ကို ကုလသမဂ္ဂ နဲ့ နိုင်ငံတကာက သံတမန်တွေ၊ နိုင်ငံတကာက ပညာရှင်တွေလည်း ပူးပေါင်း ပါဝင် ကြတာ တွေ့ပြီး ပြည်တွင်းက ပညာရှင်တွေနဲ့ စီပွားရေး လုပ်ငန်းရှင်တွေလည်း တက်ရောက် လာပါတယ်။