မြန်မာနိုင်ငံကUNဝန်ထမ်းတွေ ခရီးသွားလာမှုသတိထားဖို့ စာထုတ်

  • 12 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် UNHCR
Image caption ကုလသမဂ္ဂအဖွဲ့ကြီးဟာ မြန်မာနိုင်ငံက မြို့တချို့မှာ ရုံးခန်းတွေ ဖွင့်လှစ်ထားတဲ့အထဲက ရခိုင်ပြည်နယ်အတွင်းမှာလည်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး အပါအဝင် ရုံးခန်း ငါးခု ဖွင့်လှစ်ထား

မြန်မာနိုင်ငံအတွင်း ခရီးသွားလာမှုနဲ့ ပတ်သက်ပြီး သတိထားကြဖို့ ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးက ကုလသမဂ္ဂဝန်ထမ်းတွေကို ရန်ကုန် ကုလသမဂ္ဂရုံးက သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

အခုလို သတိပေးစာ ထုတ်ရတာဟာ သူတို့ ရုံးစိုက်တဲ့ နိုင်ငံအတွင်းမှာ လုံခြုံရေး အခြေအနေ အပြောင်းအလဲဖြစ်တာနဲ့ သဘာဝဘေးအန္တရာယ်တခုခုရှိရင် ထုတ်ပြန်လေ့ရှိတဲ့အတိုင်း သတိပေးချက် ထုတ်တာလို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက ဘီဘီစီကို ပြောပါတယ်။

သြဂုတ်လအစောပိုင်းမှာ ဒေသခံတွေက အကြမ်းသမားလို့ယူဆထားတဲ့ လက်နက်ကိုင်တွေက မောင်တောဒေသမှာ မြိုတိုင်းရင်းသား ရွာသား ၈ ဦးကို သတ်ဖြတ်မှုတွေလည်း ဖြစ်ပျက်ခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာရှိတဲ့ နိုင်ငံတကာ အကူအညီပေး အန်ဂျီအို အဖွဲ့တွေ ထွက်သွားရေး အပါအဝင် အချက်လေးချက်ပါတဲ့ တောင်းဆိုမှုတွေ ပြုလုပ်ဖို့အတွက် ရခိုင်တပြည်လုံး အတိုင်းအတာနဲ့ လာမယ့် ရက်ပိုင်းအတွင်းမှာ ဆန္ဒပြမှုတွေ လုပ်သွားမယ်လို့လည်း ရခိုင်အဖွဲ့အစည်းတချို့က ပြောဆိုထားပါတယ်။

ကုလသမဂ္ဂအဖွဲ့ကြီးဟာ မြန်မာနိုင်ငံက မြို့တချို့မှာ ရုံးခန်းတွေ ဖွင့်လှစ်ထားတဲ့အထဲက ရခိုင်ပြည်နယ်အတွင်းမှာလည်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး အပါအဝင် ရုံးခန်း ငါးခု ဖွင့်လှစ်ထားပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ဆူပူမှုတွေကြောင့် ကုလသမဂ္ဂရုံးခန်းတွေ ဖျက်ဆီးခံရတာတွေ ဖြစ်ခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်တခုတည်းမှာတင် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၇ သြဂုတ်လ ၉ ရက်နေ့အထိ ၅၉ ဦး ရှိသွားပြီ ဖြစ်ပြီး ၃၃ဦး ပျောက်ဆုံးနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့အတွက် သြဂုတ်လ ၁၀ ရက်နေ့မှာ အစိုးရက စစ်ရဟတ်ယာဉ်တွေနဲ့ တပ်ဖွဲ့ဝင် ၅၀ဝ ခန့်ကို စစ်တွေမြို့ကို စေလွှတ်ထားပါတယ်။

အခုလို စေလွှတ်ထားတာနဲ့ ပတ်သက်ပြီး ဒီတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေး ဆောင်ရွက်မှုတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက သတိပေးထားခဲ့ပါတယ်။