မန်ပန်ပြည်သူ့စစ်က စစ်သားအဓမ္မစုဆောင်း

  • 12 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Photo credit : Tai Freedom
Image caption မန်ပန်ပြည်သူ့စစ်ရဲ့ ရံပုံငွေကောက်ခံတဲ့ ဖြတ်ပိုင်းစာရွက်တခု

မိုင်းရယ်၊ လားရှိုး၊ တန့်ယန်းဒေသတွေမှာ မန်ပန် ဌာနေပြည်သူ့စစ်က စစ်သားအဓမ္မစုဆောင်းမှုတွေရှိနေတယ်လို့ ဒေသခံလွှတ်တော်အမတ်တွေက ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။

မန်ပန်ပြည်သူ့စစ်က အခုလို စစ်သားအဓမ္မစုဆောင်းမှုကြောင့် ဒေသခံတွေမှာ ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်လို့ မိုင်းရယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမြင့်ထူးက ပြောပါတယ်။

စီးပွားရေး၊ စားဝတ်နေရေးနဲ့ လုံခြုံရေးတွေကိုလည်း အနှောင့်အယှက်ဖြစ်စေတယ်လို့ ဆိုပါတယ်။

လားရှိုး၊ တန်ယန်းဘက်တွေမှာ စာထုတ်ပြီး ရန်ပုံငွေကောက်ခံတာမျိုးကို စာရွက်စာတမ်းအထောက်အထားတွေနဲ့ တွေ့ရတယ်လို့လည်း ရှမ်းပြည်နယ် အမှတ် ၃ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျှန်းခမ်းက ဘီဘီစီကို ပြောပါတယ်။

မန်ပန်ပြည်သူ့စစ်ဟာ မော်ထိုင်းတပ်မတော် MTA လက်နက်ချပြီးနောက် ပြည်သူ့စစ်အသွင်ပြောင်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

တိုင်းရင်းသားတွေနဲ့တိုက်ပွဲတွေမှာ အစိုးရတပ်မတော်ဘက်က ကူညီတိုက်ခိုက်ပေးလေ့ရှိတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

မိုင်းရယ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမြင့်ထူးက ပြည်နယ်အစိုးရနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တာဝန်ရှိသူတွေဆီကို စာရေးသားတိုင်ကြားထားတယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ