မြန်မာ့ ပြည်တွင်း ငြိမ်းချမ်းရေး ပြီးပြည့်စုံဖို့ အချိန်ယူရဦးမယ်

  • 12 ဩဂုတ် 2017
Image caption တပ်မဟာ ၇ ဌာနချုပ်မှာ ကျင်းပ

မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ပြီးပြည့်စုံဖို့ အတွက်ဆိုရင် နှစ်အတော်များများ အချိန်ယူရ ဦးမှာ ဖြစ်တယ်လို့ ကရင် အမျိုးသား အစည်း အရုံး KNU က ပြောပါတယ်။

ဩဂုတ်လ ၁၂ ရက်နေ့ ကျရောက်တဲ့ ကရင့် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို တပ်မဟာ ၇ ဌာနချုပ်မှာ ကျင်းပခဲ့တုန်း KNU ခေါင်းဆောင်ပိုင်း က အခုလို ပြောလာတာပါ။

မြန်မာနိုင်ငံမှာ အစိုးရစစ်တပ်နဲ့ လူမျိုးစု အဖွဲ့တွေကြား လက်နက်ကိုင် ပဋိပက္ခဖြစ်နေတာ အနှစ် ၇ဝနီးပါး ကြာခဲ့ပြီ ဖြစ်လို့ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ကနေ တဆင့် ပုံမှန်အနေအထား ပြန်ဖြစ်ဖို့ အချိန်အတော် ယူရလိမ့်ဦးမယ် ဆိုပြီး KNU ကာကွယ်ရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး ရောဂျာခင်က ပြောပါတယ်။

လက်ရှိ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးကို လက်ဆင့်ကမ်း သယ်ဆောင် သွားနိုင်ဖို့ လူငယ် မျိုးဆက်သစ်တွေ ပြင်ဆင် ထားတယ်လို့လည်း KNU ဒုဥက္ကဌ ကေအင်ယူရဲ့ဒုတိယ ဥက္ကဌ ဗဒို စောကွယ်ထူးဝင်းက ပြောပါတယ်။

၁၉၅ဝ ခုနှစ် တုန်းက ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနဲ့အဖွဲ့ ဟာ ကော့ကရိတ်မြို့နယ် ထဲက ထော့ကိုကိုး ဆိုတဲ့ ရွာမှာ အဲဒီအချိန်က အစိုးရစစ်တပ်နဲ့ တိုက်ခိုက် ရင်း ကျဆုံး သွားတဲ့နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ် ကျင်းပ လာခဲ့တာ အခုဆိုရင် ၆၇ နှစ် ရှိလာပြီ ဖြစ်ပါတယ်။

အခုအချိန်ဟာ KNU နဲ့ မြန်မာ အစိုးရကြား အပစ်အခတ် ရပ်စဲထားပြီး နိုင်ငံရေးအရ ဆက်ပြီး ဆွေးနွေးနေတဲ့ ကာလ ဖြစ်တဲ့အတွက် ဒီ အခမ်းအနားကို မြန်မာနိုင်ငံ ဒေသအသီးသီးက ကရင် လူငယ် အမျိုးသား၊အမျိုးသမီးတွေ လာတက်တာ တွေ့ရတယ် ဆိုပြီး အဲဒီမှာ ရှိနေခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။