ရခိုင်မှာ လုံခြုံရေး ပေးဖို့ ဆန္ဒပြ တောင်းဆို

  • 13 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ရခိုင် အပါအဝင် မျိုးနွယ်စုတွေ သတ်ဖြတ် ခံရမှုတွေကို အစိုးရ က အကာအကွယ် ပေးဖို့ တောင်းဆို

အစိုးရ အနေနဲ့ ရခိုင် ပြည်နယ် မှာ လုံခြုံရေး ဆောင်ရွက်ပေးဖို့၊ နောက်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေ ကို လေးစား လိုက်နာ ဖို့ ဆိုတဲ့ တောင်းဆို ချက်တွေ နဲ့ စစ်တွေ မြို့မှာ ထောင်နဲ့ချီ တဲ့ လူ တွေက ဆန္ဒပြ တောင်း ဆို ခဲ့ကြ ပါတယ်။

ရခိုင်ပြည်နယ်က ငပလီမြို့ အပါအဝင် မြို့ပေါင်း ၁၆ မြို့မှာ လူအင်အား ထောင်နဲ့ ချီပြီး လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အနောက်ဘက် က ဘူးသီးတောင်၊ မောင်တော ဒေသမှာ ရခိုင် အပါအဝင် မျိုးနွယ်စုတွေ သတ်ဖြတ် ခံရမှုတွေကို အစိုးရ က အကာအကွယ် ပေးဖို့ တောင်းဆို ခဲ့တာ ဖြစ်ကြောင်း စစ်တွေ မြို့က ဆန္ဒပြပွဲ ကို ဦးဆောင် ခဲ့တဲ့ ဦးအောင်ဌေးက ပြော ပါတယ်။

ဆန္ဒဖော်ထုတ်ပွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာသာမက မာန်အောင်၊ မြေပုံ၊ ရမ်းဗြဲ၊ ဂွ၊ သံတွဲ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏား ကျွန်းမြို့နယ်တွေမှာလဲ ပြုလုပ် ခဲ့ပါတယ်။

ဂွ မြို့နယ် မှာတော့ ၁၉၈၂ နိုင်ငံသား အက် ဥပဒေ ကို အစိုးရ က လိုက်နာ ဆောင်ရွက်ရေး၊ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့အစည်းတွေ က အကြမ်းဖက် အဖွဲ့ တွေ နဲ့ ဆက်နွယ်မှုတွေ ရှိနေတယ်လို့ ဆိုကာ ရခိုင်မှာ ဆက်လက် လုပ်ကိုင်ခွင့် မပြု ဖို့ တောင်း ဆို ခဲ့ကြောင်း ဂွ ဒေသခံ တစ်ဦး ဖြစ်သူ ဦးတင်ညို က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက် အဖွဲ့အစည်းတွေကို အမြစ်ပြတ် တိုက်ခိုက် ချေမှုန်းရေး ကိုလည်း ဆန္ဒပြတဲ့ မြို့တိုင်းမှာ တောင်းဆိုခဲ့တာကိုတွေ့ရပါတယ်။

အခုလို တောင်းဆိုတဲ့ အထဲမှာ နိုင်ငံတကာ INGO တွေ ကို ထွက်သွားဖို့ တောင်းဆိုတာ ပါဝင်နေတဲ့ အတွက် INGO အဖွဲ့အစည်း တွေ ဘက် ကလည်း စိုးရိမ်မှုတွေရှိနေပါတယ်။

ကုလသမဂ္ဂ အဖွဲ့အစည်း ဘက်ကတော့ နိုင်ငံတကာ ဝန်ထမ်းတွေကို သတိနဲ့ သွားလာကြဖို့ သတိပေးမှုတွေ ထုတ်ပြန်ထားပါတယ်။