စစ်ဘက်ဟာ အရပ်ဘက်ရဲ့အစိတ်အပိုင်းအဖြစ် ပီပြင်လာဖို့အရေးကြီး

  • 13 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် MOI Myanmar
Image caption ပြည်တွင်းပြည်ပ နိုင်ငံရေးကျွမ်းကျင်သူတွေ၊ သံတမန်တွေ၊ အစိုးရဝန်ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ တက်ရောက်ခဲ့

သြဂုတ်လ ၁၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြီးစီးသွားတဲ့ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် ဆွေးနွေးပွဲအပြီးမှာ အရပ်ဘက် အုပ်ချုပ်ရေးအသွင် ကူးပြောင်းဖို့အတွက် စစ်ဘက်ဟာ အရပ်ဘက်ရဲ့ အစိတ်အပိုင်းအဖြစ် ပီပြင်ဖို့လည်း အရေးကြီးကြောင်း ညှိနှိုင်းဆွေးနွေးမှူး တဦးဖြစ်တဲ့ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ဆွေးနွေးခဲ့တာတွေကို သုံးသပ်ပြီး နိဂုံးချုပ်စကားပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေး စနစ်ကနေ ဈေးကွက်စီးပွားရေး အသွင်းကူးပြောင်းဖို့အတွက် တိုင်းနဲ့ ပြည်နယ် အစိုးရတွေက အခွန်ငွေ ခွဲဝေရရှိဖို့ကလည်း အရေးကြီးတယ်လို့ ဆွေးနွေးပွဲ နိဂုံးမှာ ကောက်ချက် ချခဲ့ကြသလို စစ်ပွဲတွေကနေ ငြိမ်းချမ်းရေး အသွင်ကူးပြောင်းရေးအတွက်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လိုအပ်တာတွေ ပြုပြင် ပြောင်းလဲဖို့နဲ့ အားလုံးပါဝင်လာရေး လုပ်ဆောင်ဖို့ လိုကြောင်း ဒီခေါင်းစဉ်တွေနဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့တဲ့ ညှိနှိုင်း ဆွေးနွေးရေးမှူးတွေက နိဂုံးချုပ်စကား ပြောခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းချိန် ကြာမြင့်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိခဲ့ပြီး အတိတ်က အမှားတွေအပါအဝင် နိုင်ငံရေးမှာ စစ်တပ်က ပါဝင်ခဲ့လို့ ယုံကြည်မှု ပျက်ပြားခဲ့တာတွေကြောင့် ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင်ကတော့ ပြောင်းလဲချိန်ကာလမှာ အကျိုးရှိသူတွေကတော့ ဒီမိုကရေစီအသွင် ကူးပြောင်းချိန် ကြာတာကို လိုလားနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့ကစပြီး ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲတွေမှာ ကုလသမဂ္ဂ လူသားချင်စာနာမှုဆိုင်ရာ ညွှန်ကြားရေးမှူး ၂ ဦးနဲ့အတူ တခြား ကုလသမဂ္ဂအကြီးတန်းအရာရှိတွေ၊ ပြည်တွင်းပြည်ပ နိုင်ငံရေးကျွမ်းကျင်သူတွေ၊ သံတမန်တွေ၊ အစိုးရဝန်ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ သာမက ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ