အနည်းဆုံး လုပ်ခ ပြင်ဆင်ရေး အချိန်မဆွဲဖို့ ဆန္ဒပြ

  • 13 ဩဂုတ် 2017
Image caption နည်းဆုံး လုပ်ခလစာ တစ်ရက်ကို ၅၆ဝဝ ကျပ် တောင်းဆို

ရန်ကုန်၊ ပဲခူး နဲ့ ပုသိမ်မြို့ စက်မှုဇုန်တွေက အလုပ်သမားတွေ လှိုင်သာယာမှာ ထောင်ချီ စုဝေးလို့ အနည်းဆုံး လုပ်ခလစာ တိုးမြှင့် သတ်မှတ်ရေးမှာ အစိုးရဘက် ကြန့်ကြာ မနေဖို့ အလုပ်သမား ဝန်ကြီး ဌာနကို ဩဂုတ်လ ၁၃ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

အနည်းဆုံး လုပ်ခလစာ တစ်ရက်ကို ၅၆ဝဝ ကျပ် အဖြစ် အခု ဩဂုတ်လ အမှီ သတ်မှတ် ပေးဖို့ အလုပ်သမားတွေ အဓိက တောင်းဆို ခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ အနည်းဆုံး လုပ်ခ စတင် သတ်မှတ် ခဲ့တဲ့ ၂ဝ၁၅ ဩဂုတ် လက စလို့ ၂ နှစ် အတွင်း ဒီနှုန်းထားကို ပြင်ဆင် သတ်မှတ် ရမယ် ဆိုတဲ့ ဥပဒေ ရှိနေပေမယ့် သက်ဆိုင်ရာ ဝန်ကြီး ဌာနက အချိန်ဆွဲ နေတယ်လို့ အလုပ်သမားတွေက ရှုမြင် နေကြပါတယ်။

အလုပ်သမား ဝန်ကြီး ဌာန အနေနဲ့ လာမယ့် နိုဝင်ဘာလ ကျမှ မူကြမ်း ထုတ်ပြန်ဖို့ ရည်ရွယ် ထားတာ တွေ့ရပြီး၊ လုပ်ခလစာ တိုးမြင့်ရေးဟာ ၂ဝ၁၈ ကျမှ အကောင်အထည် ပေါ်လာမယ့် ပုံစံမျိုး ဖြစ်နေတဲ့ အတွက် ဆန္ဒပြရတာ ဖြစ်တယ်ဆိုပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင် မလှလှက ဘီဘီစီကို ပြောပါတယ်။

ဥပဒေအရ ၂ နှစ် တစ်ကြိမ် လုပ်ခ နှုန်းထား ပြောင်းလဲ နိုင်တယ်လို့ ဆိုထားပေမယ့် အဲဒီလို ပြောင်းလဲ နိုင်ဖို့ ဗဟိုအဆင့်၊ ပြည်နယ်နဲ့တိုင်း အဆင့် ကော်မတီတွေ ဖွဲ့ရပြီး အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရ ကိုယ်စားလှယ်တွေ ပါဝင် ဆွေးနွေး ရမှာ ဖြစ်တဲ့ အတွက် အချိန် ထိုက်သင့်သလောက် ယူရမှာ ဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် ကတော့ ဆိုပါတယ်။

အလုပ်သမားတွေ တောင်းဆို ခဲ့ကြတာတွေထဲ လူမှုဖူလုံရေး အိမ်ယာစီမံကိန်းတွေ ဖော်ဆောင်ပေးရေး၊ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာရင် ထောင်ဒဏ် ချမှတ်ခွင့် ရှိတယ်ဆိုတဲ့ ဥပဒေကို ပြင်ဆင်ရေးနဲ့ အလုပ်သမားအဖွဲ့အစည်း မှတ်ပုံတင်တဲ့အခါ အလုပ်ရှင်လက်မှတ် တောင်းဆိုတာကိုလည်း ပယ်ဖျက်ရေးဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

လက်ရှိမှာ အနည်းဆုံးလုပ်ခလစာအဖြစ် တစ်ရက်ကို ၃၆ဝဝ ကျပ် တရားဝင်သတ်မှတ် ထားပေမယ့် အလုပ် သမားတွေအနေနဲ့ အဲဒီ နှုန်းအတိုင်း အပြည့်အဝ မရတာ အပြင်၊ အလုပ်သမား သမဂ္ဂတွေ ဖွဲ့တဲ့ အခါမျိုးမှာ အလုပ်သမား ခေါင်းဆောင်တွေ အလုပ်ထုတ် ခံနေရတဲ့ ပြဿနာမျိုးတွေ ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။