ရခိုင်ပြည်နယ် ဆန္ဒပြပွဲမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဝင်တွေ ပါ၀င် ငွေကြေးထောက်ပံ့

  • 14 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ရခိုင်ဒေသခံတွေကို လုံခြုံရေး အကာအကွယ် ပေးဖို့ အစိုးရကို တောင်းဆို ဆန္ဒပြ

ရခိုင်ပြည်နယ်မှာ ဒေသခံတွေကို အစိုးရအနေနဲ့ လုံခြုံရေး ပေးဖို့ တောင်းဆိုတဲ့ တနင်္ဂနွေနေ့ ဆန္ဒပြပွဲတွေမှာ ရခိုင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင်တွေ ပါဝင် ဆန္ဒပြတာ၊ ငွေကြေး ထောက်ပံ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

USDP ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေဟာလည်း ရခိုင်ပြည်သူ၊ ရခိုင်သားတွေ ဖြစ်တဲ့အတွက် ပါဝင်တာ ဖြစ်ကြောင်းနဲ့ ဆန္ဒ ဖော်ထုတ်ပွဲ ဦးဆောင်တဲ့ စည်းကမ်း ထိန်းသိမ်းရေး ရဟန်းတွေကို USDP က ငွေ၁၀သိန်း ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ဘီဘီစီကို ပြောပါတယ်။

ဒီလို လုပ်တာဟာ ပါတီ အကျိုးအမြတ်အတွက် မဟုတ်ဘဲ သူတို့ ပါတီ ပူးပေါင်း ပါဝင်ခြင်းအားဖြင့် တောင်းဆိုချက်တွေ အောင်မြင် ပြည့်ဝသွားမယ် ဆိုရင် တကယ် ဒုက္ခရောက်နေတဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသတွေမှာ ရှိတဲ့ ရခိုင်အပါအဝင် တိုင်းရင်းသား မျိုးနွယ်စုတွေ အားလုံး အကျိုးရှိနိုင်မယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

အဲဒီ ဆန္ဒပြပွဲမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေမှာ ဒေသခံတချို့ သတ်ဖြတ်ခံနေရတာနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ အကာအကွယ်ပေးဖို့နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ ဒေသတွင်းကနေ ထွက်သွားဖို့ တောင်းဆိုခဲ့ကြတာပါ။