ရိုဟင်ဂျာတွေကို ပြန်ပို့မယ်လို့ အိန္ဒိယအာဏာပိုင်တွေ ပြော

  • 14 ဩဂုတ် 2017
Image caption အိန္ဒိယထဲ ရိုဟင်ဂျာ ၄ သောင်း ဝန်းကျင် ရှိတယ်လို့ ခန့်မှန်း

အိန္ဒိယနိုင်ငံထဲ ရောက်နေတဲ့ ရိုဟင်ဂျာတွေကို မြန်မာပြည်ကို ပြန်လည် ပို့ဆောင်ဖို့ အိန္ဒိယ အာဏာပိုင်တွေ စိုင်းပြင်းနေတယ် ဆိုတဲ့ သတင်းတွေ အပေါ် အင်မတန် စိုးရိမ်မိတယ် ဆိုပြီး လူ့ အခွင့်အရေး လှုပ်ရှားသူတွေက ပြောနေပါတယ်။

တကယ်လို့ ရိုဟင်ဂျာတွေသာ မြန်မာပြည် ပြန်ရရင် ပစ်မှတ်ထား ကျူးလွန်တာ အမျိုးမျိုး ခံကြ ရလိမ့်မယ် ဆိုပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ Human Rights Watch က ပြောပါတယ်။

ရိုဟင်ဂျာတွေ အပါအဝင် အိန္ဒိယထဲ တရားမဝင် နေထိုင်သူတွေကို ပြည်နှင်ဒဏ် ပေးဖို့ ပြည်နယ် အစိုးရတွေကို အိန္ဒိယ ဗဟိုအစိုးရက ညွှန်ကြားထားတယ် ဆိုပြီး ပြည်ထဲရေး ဌာနက တာဝန် ရှိသူက ပါလီမန်ထဲ ပြီးခဲ့တဲ့ သီတင်းပတ်ထဲကပဲ ပြောခဲ့ပါတယ်။

ဒုက္ခသည်များဆိုင်ရာ ၁၉၅၁ ဂျနီဗာ ပဋိဉာဉ်ထဲ အိန္ဒိယ အနေနဲ့ ပါဝင် လက်မှတ်ထိုး မထားပေမယ့် ဒုက္ခသည်တွေကို နှင်ထုတ်တယ် ဆိုတာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ် ဆိုပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ကလည်း သတိပေးနေပါတယ်။

အိန္ဒိယနိုင်ငံထဲ ရိုဟင်ဂျာ ၄ သောင်း ဝန်းကျင် ရှိတယ်လို့ ခန့်မှန်း ထားပြီး၊ အဲဒီထဲကမှ တစ်သောင်း ခြောက်ထောင့် ငါးရာ ကိုပဲ UNHCR သက်သေခံ ကတ်ပြားတွေ ထုတ်ပေး ထားပါတယ်။