ရိုဟင်ဂျာ မရှိကြောင်း ကြေညာပေးဖို့ ပါတီ ၂၀ တောင်းဆို

  • 15 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသတွင်း လုံခြုံရေး တာဝန်ယူနေတဲ့ လုံခြုံရေး အဖွဲ့အစည်းတွေကို ဥပဒေအရ အကာအကွယ်ပေးဖို့ ပါတီတွေ တောင်းဆို

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူး ဆိုတာကို အစိုးရက ထုတ်ပြန် ကြေညာပေးဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအပါအဝင် ပါတီ ၂၀က ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။

လတ်တလော လိုအပ်နေတဲ့ ထိရောက်တဲ့ ဒေသလုံခြုံရေးစနစ် အမြန်ဆောင်ရွက်ပေးဖို့၊ မြေပြင်မှာ လုံခြုံရေး တာဝန်ယူနေတဲ့ လုံခြုံရေး အဖွဲ့အစည်းတွေကို ဥပဒေအရ အကာအကွယ် အာမခံချက် ပေးနိုင်အောင် ဆောင်ရွက်ပေးဖို့၊ အကြမ်းဖက်သူတွေ အဖွဲ့အစည်းတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့အညီ ထိရောက်ပြင်းထန်စွာ အရေးယူပေးဖို့တွေ ကိုလည်း အဲဒီကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသတွင်း လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး ပျက်ပြားပြီး ဒေသခံတွေ နေရပ် စွန့်ခွာ ထွက်ပြေးနေရတဲ့ အခြေအနေ တစတစ ဆိုးဝါးလာနေကြောင်း၊ ဒီကိစ္စကို လွှတ်တော်မှာ တင်ပြခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့အတွက် တပ်မတော်ကို တင်ပြခဲ့ရတဲ့အထိ ဖြစ်လာတဲ့အတွက် ဒီကိစ္စကို ဖြေရှင်းပေးဖို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းတဲ့အနေနဲ့ ဒီကြေညာချက် ထုတ်ပြန်ရတာ ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလှသိန်းက ဘီဘီစီကို ပြောပါတယ်။