ဘဏ်လုပ်ငန်းရှင်တွေကို ဒေါ်စု ခေါ် ယူတွေ့ဆုံ

  • 15 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် State Counseller Office
Image caption စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဘဏ်တွေ ညှိနှိုင်းပြီး ဗဟိုဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်း ပုဂ္ဂလိက ဘဏ်ဥက္ကဋ္ဌတွေနဲ့ နေပြည်တော်မှာ သြဂုတ်လ ၁၅ ရက်နေ့ က တွေ့ဆုံခဲ့ပါတယ်။

ပုဂ္ဂလိက ဘဏ်တွေ ခိုင်မာတောင့်တင်းအောင် စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ဖို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဘဏ်တွေ ညှိနှိုင်းပြီး ဗဟိုဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

လယ်သမားတွေကို ပုံစံ(၇) နဲ့ ငွေချေးတဲ့ ကိစ္စကို ဥပဒေအရ ခိုင်မာ အောင် အမြန်ဆောင်ရွက်ပေးဖို့ကို ဘဏ်လုပ်ငန်းရှင်တွေဘက်က တင်ပြ ခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် စီးပွားရေးကို တိုက်ရိုက် ကိုင်တွယ်မယ်လို့ ပြောခဲ့အပြီးနောက်ပိုင်း အရေးကြီးဆုံး ဖြစ်တဲ့ ဘဏ္ဍာရေး ကဏ္ဍကို ပထမဆုံး အခုလို ကိုင်တွယ် ဆွေးနွေးခဲ့တာဟာ နောင်အတွက် အခြေခံကောင်း ဖြစ်လာမယ်လို့ ဘဏ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဘဏ်လုပ်ငန်း ဆိုတာကလည်း မြန်မာပြည်ရဲ့ ထိပ်တန်း စီးပွားရေး သမား တွေက လုပ်ကိုင်တာ ဖြစ်တဲ့ အတွက် စီးပွားရေး လုပ်ငန်း ရှင် တွေနဲ့ တွေ့ဆုံတာ ဖြစ်ပြီး နိုင်ငံ စီးပွားရေး တိုးတက် ကောင်းမွန် ဖို့ လုပ်သင့် လုပ်ထိုက်တာ တွေ လုပ်ဖို့ ကိုလည်း တိုက်တွန်း ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော် ဗဟိုဘဏ် မှာလည်း ဒါရိုက်တာ အဖွဲ့ဝင် ၅ ဉီး ကို ခန့်ထား ကြောင်း ကိုလည်း သြဂုတ်လ ၁၄ ရက်နေ့မှာ ကြေညာ ခဲ့ပါတယ်။