ပြည်ဝင်ကြေး ၁ဝ ဒေါ်လာကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးမှာ သုံးမယ်

  • 15 ဩဂုတ် 2017
Image caption ဧည့်ဝင်ရောက်မှု ထိခိုက်နိုင်တယ်လို့ စိုးရိမ်နေ

လာမယ့်နှစ် ၂ဝ၁၈ နှစ်ဆန်းပိုင်းက စပြီး ရန်ကုန် လေဆိပ်ကို ရောက်လာတဲ့ နိုင်ငံခြားသား ခရီးသည်တွေ အနေနဲ့ မြန်မာ နိုင်ငံကို ဝင်ကြေးအဖြစ် တစ်ယောက်ကို အမေရိကန် ဒေါ်လာ ၁ဝ ဒေါ်လာနှုန်း ပေးလာရဖို့ ရှိပါတယ်။

အစိုးရက ချပေးတဲ့ ဘတ်ဂျက် မလုံလောက်တဲ့ အတွက် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးအောင် လုပ်ဆောင်ရာမှာ အသုံးပြု နိုင်ဖို့ အဲဒီလို ဝင်ကြေး ၁ဝ ဒေါ်လာ ကောက်ခံဖို့ စီစဉ်ရတာ ဖြစ်တယ် ဆိုပြီး ဟိုတယ်နဲ့ ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက အဆင့်မြင့် အရာရှိ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ခရီးသွား လုပ်ငန်း ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ အချိန်မျိုးမှာ ကိုယ့်နိုင်ငံကို လာလည်မယ့် သူတွေဆီက အဲဒီလို ဝင်ကြေး ကောက်တာမျိုး မလုပ်သင့်ဘူးလို့ ခရီးသွား လုပ်ငန်းရှင် တချို့ကတော့ ဝေဖန်ကြပါတယ်။

မြန်မာနိုင်ငံထဲ ခရီးသွားဇုန် အဖြစ် သတ်မှတ်ထားတဲ့ နေရာတွေမှာ ကောက်ခံတဲ့ ဝင်ကြေးမျိုးကိုတောင် နိုင်ငံခြား ဧည့်သည်တချို့က မပေးလိုတဲ့ ဆန္ဒရှိတဲ့ အတွက် ခရီးကို တာဝန်ယူ စီစဉ်ပေးတဲ့ အေဂျင်စီတွေက စိုက်ပြီး ပေးနေရတာမျိုး ရှိပါတယ်။

ဒါ့ကြောင့် အခုလို လေဆိပ်မှာ ဝင်ကြေး ကောက်လာမယ် ဆိုရင် ဧည့်သည် ဝင်ရောက်မှု ထိခိုက် သွားနိုင်တယ် ဆိုပြီး ခရီးသွား လုပ်ငန်းရှင် အသိုင်းအဝိုင်းက စိုးရိမ် နေတာ ဖြစ်ပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာန အနေနဲ့ကတော့ ဝင်ကြေး ၁ဝ ဒေါ်လာ ကောက်ခံရေး အကောင်းအထည် ဖော်နိုင်ဖို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် MTF နဲ့ ပူးပေါင်း လုပ်ဆောင် နေပါတယ်။