ကချင် တိုက်ပွဲတွေ အကြောင်း ဆွေးနွေး

  • 16 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် SENG MAI
Image caption တိုက်ပွဲတွေကြောင့် ဒုက္ခသည် ပိုတိုးလာ

ကချင်ပြည်နယ် တနိုင်း ဒေသဘက်မှာ ကေအိုင်အေ ကချင် လက်နက်ကိုင်တွေက သယံဇာတနဲ့ ဒေသခံတွေ လုံခြုံမှုကို ခြိမ်းခြောက် နေတဲ့ အတွက် တပ်မတော်က အခြေခံ ဥပဒေနဲ့ အညီ နယ်မြေ ရှင်းလင်းရေး လုပ်နေတယ်လို့ တနင်္လာနေ့က ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ တပ် ကိုယ်စားလှယ်တချို့က ဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီဒေသမှာ တည်ငြိမ် အေးချမ်းရေး အတွက် တင်သွင်းခဲ့တဲ့ အဆိုကိုတော့ ကန့်ကွက်သူ မရှိ လက်ခံခဲ့တယ်လို့ အဆိုတင်သွင်းသူ တနိုင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦး လင်းလင်းဦး က ဆိုပါတယ်။

တနိုင်း၊ ဖားကန့် မြို့နယ်တွေမှာ တရားမဝင် ရွှေမှော်နဲ့ ပယင်းမှော်တွေ တူးဖော် နေတာ မဖြစ်ရအောင်နဲ့ နယ်မြေ မတည်ငြိမ်မှုတွေ ထပ်မဖြစ်အောင် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရက ထိထိရောက်ရောက် ကြပ်မတ် ဆောင်ရွက် ပေးဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းတာ ဖြစ်ပါတယ်။

အခြေခံ ဥပဒေနဲ့ အညီ ဖွဲ့စည်းထားတဲ့ လွှတ်တော် ဆုံးဖြတ်ချက်ကို တပ်မတော် ဘက်က အလေးအနက်ထား စဉ်းစားမှာပါ လို့လည်း သူက ပြောပါတယ်။

တပ်မတော် အနေနဲ့ ပြည်တွင်းပြည်ပမှာ နိုင်ငံကို ကာကွယ်ဖို့ တာဝန်ရှိကြောင်း တပ် ကိုယ်စားလှယ်တွေက အကြောင်းပြခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စု အစိုးရ အနေနဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ တည်ငြိမ်ရေး ကို တာဝန်ယူရမယ် ဆိုတဲ့ အခြေခံ ဥပဒေ ပုဒ်မ ၂၁၉ ကို ကိုးကားပြီး ပြန်လည် ဖြေဆိုခဲ့ကြောင်း ဦး လင်းလင်းဦး က ဆိုပါတယ်။

ဒါပေမဲ့ ဖွဲ့စည်းပုံ အကျပ်အတည်း ကြောင့်ပဲ ငြိမ်းချမ်းရေး မရဘဲ ဖြစ်နေတာကလည်း တိုက်ပွဲတွေ ပိုဆိုးစေတယ်လို့ ဆိုပါတယ်။

ဇွန်လ မတိုင်ခင်က တနိုင်းဒေသမှာ တိုက်ပွဲတွေ မရှိခဲ့ဘဲ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တယ်၊ နောက် ရွှေနဲ့ ပယင်း ထုတ်ယူမှုတွေကလည်း အရင်အစိုးရတွေ လက်ထက် ကတည်းက ရှိခဲ့တာလို့ ဦး လင်းလင်းဦး က ပြောပါတယ်။

သယံဇာတကြောင့် ဖြစ်တဲ့ စစ်တွေမို့ ဒါတွေကို ပြီးငြိမ်းစေချင်တယ်လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ