ရခိုင် အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာ မကြာခင် တင်ပြမယ်

  • 17 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင်ပြည်နယ်မှာ လုံခြုံရေး တပ်ဖွဲ့တွေ တိုးမြှင့်ချထား

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီ အာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို ရေးဆွဲ ပြီးပြီ ဖြစ်တဲ့အတွက် ဒီအစီရင်ခံစာကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို မကြာခင် တင်ပြဖို့ ရှိပါတယ်။

ကော်မရှင်ဥက္ကဋ္ဌ ကိုဖီ အာနန်လည်း အခုလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိပါတယ်။

ဒီအပြီးသတ် အစီရင်ခံစာဟာ အခုနှစ် ဇူလိုင်လ နောက်ဆုံးပါတ်အထိ ကွင်းဆင်းပြီး မြေပြင်အနေအထားအားလုံးကို တွေ့ဆုံမေးထားတဲ့ တနှစ်တာအတွင်း အကြောင်းအရာတွေပေါ်မှာ သုံးသပ် တင်ပြထားတာ ဖြစ်ကြောင်း၊ ခုလက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေကတော့ ဒီအစီရင်ခံစာထဲမှာ ပါမှာ မဟုတ်ကြောင်း ကော်မရှင် အဖွဲ့ဝင် ဒေါ်စောခင်တင့်က ဘီဘီစီကိုပြောပါတယ်။

အကြံပေး ကော်မရှင် တင်ပြခဲ့ပြီး ဖြစ်တဲ့ ကြားဖြတ် အစီရင်ခံစာထဲမှာတော့ ဒေသခံ တိုင်းရင်းသားတွေ အပါအဝင် လူ့အဖွဲ့အစည်း အကုန်လုံးရဲ့ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ အာမခံချက် ရှိအောင် အစောတလျင် မလုပ်ပေးရင် ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တဲ့ အခြေအနေကို ပြောင်းသွားနိုင်တယ်လို့ ကြိုအကြံပေးခဲ့တယ်လို့ ပြောပါတယ်။