ခန္တီးက ရွာသား ၃ ဦး ပြန်ပေးဆွဲခံရ

  • 17 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Google
Image caption လယ်တဲမှာရှိနေသူ တဦးနဲ့ ရွှေမျောလုပ်ငန်း လုပ်ကိုင်နေသူ ၂ ဦးကို ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် လင်းဖာ ကျေးရွာအုပ်စု ကျားကိုက် ရွာသား ၃ ဦးကို သြဂုတ်လ ၁၆ ရက်နေ့ ညပိုင်းမှာ အမည်မသိ သေနတ်သမားတွေက ဖမ်းဆီး ခေါ်ဆောင် သွားပြီး ကျပ်ငွေ ၂၅ သိန်းနဲ့ ပြန်လာရွေးဖို့ ရွာသားတွေကို အကြောင်းကြားခဲ့ပါတယ်။

ပြန်ပေးဆွဲသူတွေ တောင်းခံတဲ့ ငွေကို ရွာသားတွေက မပေးပဲ အာဏာပိုင်တွေကို တိုင်တန်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လယ်တဲမှာရှိနေသူ တဦးနဲ့ ရွှေမျောလုပ်ငန်း လုပ်ကိုင်နေသူ ၂ ဦးကို ဖမ်းဆီးသွားတာ ဖြစ်ပြီး ထွက်ပြေး လွတ်မြောက်သွားသူတွေကို လိုက်လံ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ကျားကိုက်ကျေးရွာ ဆရာတော် ဦးအိန္ဒပါလက ပြောပါတယ်။

အခုလို ရွာသားတွေကို ပြန်ပေးဆွဲသွားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ရွာရဲ့ အနောက်ဘက်ကို ထွက်ခွာသွားတဲ့အတွက် တပ်မတော်စစ်ကြောင်းက လိုက်လံ ရှာဖွေနေတယ်လို့ ခန္တီးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ဘီဘီစီကို ပြောပါတယ်။

ချင်းတွင်းမြစ်ရိုးတလျှောက်က ဒေသတွေနဲ့ ခန္တီးအနောက်ဘက်ခြမ်း နာဂဒေသနဲ့ ဆက်စပ်တဲ့ နယ်မြေတွေမှာအခုလို ပြန်ပေးဆွဲမှုတွေ ဖြစ်ခဲ့ဖူးပေမယ့် ကျားကိုက်ရွာမှာတော့ ပထမဆုံး အခုလို ဖြစ်ခဲ့တာဖြစ်ပြီး နာဂတိုင်းရင်းအဖွဲ့ တခုခုက လုပ်တာ ဖြစ်နိုင်တယ်လို့လည်း လို့ ဆရာတော်က ပြောပါတယ်။

အိန္ဒိယ မြန်မာနယ်စပ် တဝိုက်မှာ ဖြစ်ခဲ့တဲ့ ပြန်ပေးဆွဲမှုတွေမှာ တရားခံဖမ်းမမိတာလည်း ရှိခဲ့ဖူးပြီး ပြန်ပေးဆွဲခံရသူတွေက ငွေပေးလို့ ပြန်လွတ်လာသူတွေလည်း ရှိခဲ့ဖူးတယ်လို့ ဦးဇော်ဇော်က ပြောပါတယ်။

အခုလို ဖြစ်ပွားခဲ့တဲ့ ဒေသအတွင်းဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ NSCN(K)အဖွဲ့ သာမက အိန္ဒိယအစိုးရကို တိုက်ခိုက်နေတဲ့ နာဂ လက်နက်ကိုင်အဖွဲ့လည်း လှုပ်ရှားမှု ရှိတဲ့ နယ်မြေ ဖြစ်ပါတယ်။