သက်သေစစ်တာ မပြီးသေးလို့ သတင်းထောက် ၃ ဦး အာမခံမရ

  • 18 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption သြဂုတ်လ ၄ ရက်နေ့က ဒီအမှုကို စစ်ဆေးခဲ့ရာမှာလည်း တရားစွဲ ခံရသူ သတင်းထောက်တွေက နယ်ဝေးက လာတဲ့သူတွေဖြစ်တဲ့အတွက် အမှု စစ်ဆေးမှု ကြန့်ကြာနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာမခံ ငြင်းပယ်ထားခံရဖူး

မတရားသင်းဆက်သွယ်မှုနဲ့ အဖမ်းခံထားရတဲ့ ဧရာဝတီနဲ့ ဒီဗွီဘီ သတင်းဌာနတွေက သတင်းထောက် ၃ ယောက်ရဲ့ အမှုကို သြဂုတ်လ ၁၈ ရက်နေ့က သီပေါတရားရုံးမှာ စစ်ဆေးခဲ့ရာမှာ သက်သေ စစ်ဆေးမှု မပြီးသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အာမခံ ပယ်ချခံခဲ့ရတယ်လို့ အဲဒီသတင်းထောက်တွေရဲ့ ရှေ့နေတဦးက ဘီဘီစီကို ပြောပါတ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ဖြစ်တဲ့ ဇွန်လ ၂၆ ရက်နေ့မှာ တအာင်း လွတ်မြောက်ရေး တပ်မတော် နယ်မြေအတွင်း ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးဖျက်ဆီးပွဲကို ဧရာဝတီ သတင်းဌာနက သတင်းထောက် ကိုလဝီဝမ်နဲ့ ဒီဗွီဘီသတင်းဌာနက ကိုအေးနိုင်နဲ့ ကိုပြည့်ဘုန်းအောင်တို့က သွားရောက်အပြီးမှာ သူတို့ကို အစိုးရတပ်မတော်က မတရားသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ စွဲဆို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အခုလို မတရားသင်း ဆက်သွယ်မှုနဲ့ ဒီသတင်းထောက်တွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပေမယ့် အမှုစစ်ဆေးရာမှာတော့ ဒီဥပဒေပါ အချက်အလက်တွေအတိုင်း စွပ်စွဲခံရသူတွေရဲ့ ကျူးလွန်မှုက အကျုံးဝင်ကြောင်း သက်သေခံတွေက မပြနိုင်ဘူးလို့လည်း ဖမ်းဆီးခံ သတင်းထောက် ကိုလဝီဝမ်ရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ဘီဘီစီကို ပြောပါတယ်။

ဒီအမှုကို သြဂုတ်လ ၁၈ ရက်နေ့ စစ်ဆေးမှုမှာ တပ်မတော်ဘက်က တရားလိုဖြစ်တဲ့ ဗိုလ်မှူးမြတ်မော်အောင် အပါအဝင် တခြားစစ်ဗိုလ်တွေကို စစ်ဆေးခဲ့ပါတယ်။

အခုလို စစ်ဆေးရာမှာ သတင်းထောက်တွေရဲ့ ဖုန်းတွေထဲက ဓါတ်ပုံတွေကို စီဒီခွေမှာ ကူးယူပြီး တရားလိုဘက်က သက်သေအဖြစ် တင်ပြတဲ့ သက်သေကို သတင်းထောက်တွေရဲ့ ရှေ့နေတွေဘက်က ကန့်ကွက်ခဲ့တဲ့အတွက် ဒါကို သက်သေအဖြစ် လက်ခံ မခံ ကိစ္စကို နောက်ထပ် ရုံးချိန်းမှာ တရားသူကြီးက ဆုံးဖြတ်မယ်လို့လည်း သူက ပြောပါတယ်။

သြဂုတ်လ ၄ ရက်နေ့က ဒီအမှုကို စစ်ဆေးခဲ့ရာမှာလည်း တရားစွဲ ခံရသူ သတင်းထောက်တွေက နယ်ဝေးက လာတဲ့သူတွေဖြစ်တဲ့အတွက် အမှု စစ်ဆေးမှု ကြန့်ကြာနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားသူကြီးက အာမခံ ငြင်းပယ်ထားခဲ့ဖူးပါတယ်။

အခုလို ဖမ်းဆီး တရားစွဲခံရတဲ့ သတင်းထောက်တွေဟာ နိုင်ငံတော် လုံခြုံရေး ထိပါးစေတဲ့ လုပ်ရပ်တွေ မလုပ်ခဲ့ပဲ သတင်းသမားတာဝန်အရ သတင်းယူတာသာ လုပ်ခဲ့ကြောင်း ထင်ရှားရင်တော့ သူတို့ လွတ်မြောက်ဖို့အတွက် နိုင်ငံတော် သမ္မတရုံး၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေ အပါအဝင် သက်ဆိုင်ရာ ဌာနတွေကို မေတ္တာရပ်ခံပေးသွားမယ်လို့ ဒီသတင်းထောက်တွေကို သြဂုတ်လ ၁၀ ရက်နေ့မှာ သွားရောက် တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဘီဘီစီကို ပြောဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ