ပြန်လွတ်လာသူ ကလေးစစ်သား ပြန်အဖမ်းခံရ

  • 19 ဩဂုတ် 2017
Image caption ကိုအောင်ကိုထွေးဟာ သူ့အတွေ့အကြုံကို သတင်းဌာန တခုကို ပြောခဲ့တာ ဖြစ်ပါတယ်

ကလေးစစ်သား အဖြစ် စုဆောင်းခံရပြီး ပြန်လွတ် လာသူ ကိုအောင်ကိုထွေးကို မီဒီယာ တစ်ခုကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေကြား ခဲ့တဲ့ အတွက် ဆိုကာ ပုဒ်မ ၅၀၅(ခ)နဲ့ သောကြာနေ့ ညက နေအိမ်မှာ ရဲက လာရောက် ဖမ်းဆီး သွားခဲ့ ပါတယ်။

ကိုအောင်ကိုထွေးကို ဒုတိယ ဗိုလ်မှူးကြီး မျိုးမြင့်အောင်က တရားလို လုပ်ကာ တရားစွဲဆို ထားပြီး လာမယ့် စက်တင်ဘာ ၁ရက် နေ့မှာ ရုံးထုတ် သွားမယ်လို့ ဒဂုံ ဆိပ်ကမ်း မြို့နယ် စခန်းမှူးက မိသားစု ဝင်တွေကို ဖုန်းဆက် အကြောင်းကြား ထားပြီးနောက် ကိုအောင်ကိုထွေးကို အင်းစိန်ထောင်ကို ပို့လိုက်ပြီ လို့ သိရပါတယ်။

မီဒီယာကို ဖြေထားတဲ့ ကိုအောင်ကိုထွေးရဲ့ အင်တာဗျူး ထဲမှာ သူ ကလေးစစ်သား အဖြစ် စုဆောင်း ခံခဲ့ရစဉ်က အတွေ့ အကြုံ အဖြစ် အပျက် ဟောင်းတွေကို ပြောပြထား ပါတယ်။

အဲ့ဒီထဲမှာ မန္တလေးက စုဆောင်းရေး တပ်ထဲမှာ နှစ်လနေထိုင် ခဲ့ရစဉ် အခန်းကျဉ်း တစ်ခုထဲမှာ စုဆောင်း ခံထားရသူ အများ ကြီး ကို ကျပ်ညပ်စွာ ထည့်ထား ခဲ့တဲ့ အကြောင်းတွေကို ပြောဆိုထား သလို တပ်ရင်း တစ်ခုမှာ ရောက်ရှိစဉ် စာသင် ချင်လို့ တောင်းဆို ခဲ့တဲ့ အခါ စာသင် ပေးမယ် ဆိုပြီး တကယ်တမ်း မှာတော့ တပ် အကြီး အကဲရဲ့ လုပ်အား ပေး အဖြစ်သာ တနေ ကုန် လုပ်ကိုင် ခိုင်းခဲ့ တာတွေကို ပြန်လည် ပြောပြ ထားတာကို တွေ့ရပါတယ်။

ကိုအောင်ကိုထွေးဟာ ၂၀၀၅ ခုနှစ်က ရန်ကုန် ဘူတာကြီးက အပြန် ကလေး စစ်သား အဖြစ် စုဆောင်း ခံခဲ့ရပြီး နောက် တပ်ထဲ မှာ ၂ နှစ်လောက် လုပ်ခဲ့ရ ပါတယ်။ တပ်က ထွက်ပြေးစဉ် ရာဇဝတ်မှု တစ်ခုနဲ့ ထောင်ဒဏ်ကျ ခံခဲ့ရပြီး အခု နှစ် ဇူလိုင်လ မှာ ပြန်လည် လွတ်မြောက် လာခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်က ကလေး စစ်သား အဖြစ် စုဆောင်း ခံရသူတွေကို ပြန်လည် လွှတ်ပေး တာတွေလည်း ရှိနေပါ တယ်။

ဒါပေမဲ့ ကလေး စစ်သား အဖြစ် စုဆောင်း ခံရသူတွေဟာ သူတို့ရဲ့ နစ်နာမှုတွေကို တရား ဥပဒေ အရ ပြန်လည် ကုစား တောင်းဆိုခွင့် လုပ်နိုင်တဲ့ ဥပဒေ မျိုးတော့ မြန်မာ နိုင်ငံမှာ မရှိသေး သလို ပြဌာန်း နိုင်ဖို့ လုပ်ဆောင် နေတာတွေလည်း မတွေ့ရ ဘူးလို့ သိရ ပါတယ်။