ကချင်လူမှုကူညီရေးအဖွဲ့ တားဆီးခံရ

  • 19 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် SENG MAI
Image caption ကချင်စစ်ပြေးဒုက္ခသည်များ

ကချင်ပြည်နယ် နမ္မတီးမြို့ လမ်းဂွရွာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းကို ဦးတည် သွားရောက်ခဲ့တဲ့ ကချင်လူမှုကူညီရေးအဖွဲ့ရဲ့ ကားတွေကို ကားမိုင်းမြို့ အဝင်မှာ ရှိတဲ့ ရဲ၊ စစ်တပ်နဲ့ ဌာနဆိုင်ရာတို့ရဲ့ ပူးပေါင်း စစ်ဆေးရေးဂိတ်က တားဆီးခဲ့ပါတယ်။

ဒီအဖွဲ့က ကားရှစ်စီးနဲ့ လာရောက်ရာမှာ လေးစီးက လိုင်စင်မဲ့ကားတွေ ဖြစ်တဲ့အတွက် တားဆီးခဲ့တာ ဖြစ်ပေမယ့် ဒီလေးစီးကို ဖမ်းရင် ဒီလမ်းပေါ်က တခြား လိုင်စင်မဲ့ကားတွေကိုလည်း ဖမ်းသင့်တယ်ဆိုပြီး တုံ့ပြန်ခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ကိုဇော်ဂျတ်က ဘီဘီစီကို ပြောပါတယ်။

သူတို့ကို တမင်သက်သက် အကြောင်းရှာပြီး ပိတ်ပင်တာဖြစ်တယ်လို့လည်း ကချင်လူမှုကူညီရေးအဖွဲ့က ယူဆထားပါတယ်။

ကချင်လူမှုကူညီရေးအဖွဲ့ဟာ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေနဲ့ အဆက်အသွယ်မရှိဘူးလို့လည်း ကိုဇော်ဂျတ်က ပြောပါတယ်။

လမ်းဂွရွာမှာရှိတဲ့ ကဆုန့် စစ်ဘေးရှောင်စခန်း တာဝန်ခံ ကိုသောမတ်စ်ကတော့ သူရဲ့ စခန်းက ဒုက္ခသည်တွေအတွက် ပြည်တွင်းနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေနဲ့ လူမှုအကျိုးပြု အဖွဲ့အစည်းတွေက အဓိက ကူညီနေတာ ဖြစ်ပြီး အခုလို ပိတ်ဆို့မှုကို နားမလည်နိုင်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒီစစ်ဘေးရှောင်စခန်းကို တခြား လူမှု ကူညီရေး အဖွဲ့တွေလည်း သွားရောက်တာရှိပေမယ့် အခုလို ပိတ်ပင် ခံရတာမျိုး မဖြစ်ခဲ့ပါဘူး။

ဒီလိုသွားတဲ့အထဲမှာ ပါဝင်တဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း အဖွဲ့ဝင် မမီးမီးကတော့ သူတို့ အနေနဲ့ စစ်ဘေးရှောင် စခန်းတွေကို လွတ်လွတ်လပ်လပ် သွားရောက်ခွင့် ရခဲ့ပြီး ဒီစခန်းမှာ စားရေးသောက်ရေးအတွက် အပြင် ပညာရေး တပိုင်းတစ ဖြစ်နေတဲ့ ကလေးငယ်တွေအတွက်လည်း အကူအညီ လိုအပ်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

နမ္မတီးမြို့အနီးက ကဆုန့်ရွာနားမှာ သြဂုတ်လ ၁၀ ရက်နေ့က အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ဖြစ်ခဲ့အပြီးမှာ ကဆုန့်ရွာသား ၆၀ဝ ကျော်ဟာ အဲဒီ လမ်းဂွရွာက စစ်ဘေးရှောင်စခန်းကို လာရောက် ခိုလှုံနေခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ