ရိုဟင်ဂျာလှေကို ဘင်္ဂလားဒေ့ရှ် ကမ်းစောင့်တပ် နှင်ထုတ်

  • 19 ဩဂုတ် 2017
Image caption ကော့ဆက်ဘာဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်း

မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ လှေတစ်စီးကို ဘင်္ဂလားဒေ့ရှ်ထဲ အဝင် မခံပဲ ပြန်နှင်ထုတ်လိုတယ်လို့ ဘင်္ဂလားဒေ့ရှ် ကမ်းစောင့်တပ်က ပြောပါတယ်။

အဲဒီ လှေပေါ်မှာ ရိုဟင်ဂျာ မွတ်ဆလင် ၃၁ ယောက် လိုက်ပါလာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရိုဟင်ဂျာလှေကို ဘင်္ဂလားဒေ့ရှ် ကမ်းစောင့်တပ်ရဲ့ ကင်းလှည့် ရေယာဉ်က နှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ နတ်မြစ်ထဲ တွေ့ခဲ့တာ ဖြစ်ပြီး အခုလို တားဆီး ခဲ့တာပါ။

လှေပေါ် လိုက်ပါ လာကြသူတွေထဲ အမျိုးသမီး ၉ ဦးနဲ့ ကလေး ၄ ယောက်လည်း ပါဝင်တယ်လို့ ဘင်္ဂလားဒေ့ရှ် ကမ်းစောင့်တပ်ရဲ့ ပြောခွင့်ရ ရှိတ်ခ် ဖာခါရူဒင်က ဆိုပါတယ်။

ဒါ့အပြင် လှေပေါ် ပါလာကြတဲ့ အမျိုးသားတွေထဲ ဒဏ်ရာ ရထားသူ နှစ်ယောက်ကိုလည်း တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရခိုင်ဘက်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ အယောက် ၅ဝဝ ဝန်းကျင်ဟာ ဘင်္ဂလားဒေ့ရှ်ဘက် အရှေ့တောင်ဘက်ခြမ်း ကော့ဆက်ဘာဇား နယ်ထဲ ရောက်လာ ခဲ့ပါတယ်။