NLDဗဟိုကော်မတီ အစည်းအဝေးမှာ တိုင်ကြားစာကိစ္စဆွေးနွေး

  • 20 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်ထောင်စုဝန်ကြီးတချို့ လာဘ်စားတယ်ဆိုတဲ့ တိုင်ကြားစာတွေလည်း ရရှိထား

သြဂုတ်လ ၂၀ ရက်နေ့က နေပြည်တော် စည်ပင်ရိပ်သာမှာ ကျင်းပခဲ့တဲ့ NLD ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာ တိုင်းနဲ့ ပြည်နယ်အဆင့် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အပါအဝင် လွှတ်တော်အမတ် အဆင့် ပါတီဝင်တွေကို လူထုက တိုင်ကြားထားတဲ့ စာတွေ ကိစ္စနဲ့ ဒုတိယ အကြိမ် NLD လူငယ်ညီလာခံ လုပ်မယ့် ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးတချို့နဲ့ အစိုးရအဖွဲ့ အရာရှိကြီးတချို့က လာဘ်စားတယ်ဆိုတဲ့ တိုင်ကြားစာတွေလည်း ရရှိထားပြီး ဒီကိစ္စအတွက်ကိုတော့ အဂတိတိုက်ဖျက်ရေး ကော်မရှင်ကို လွှဲပြောင်းထားတယ်လို့ NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိအစိုးရသက်တမ်းမှာ ရရှိတဲ့ တိုင်ကြားစာ အရေအတွက် ၄၀ဝ ရှိခဲ့ပြီး အတည်ပြုနိုင်တဲ့ တိုင်ကြားမှု ၂၀ဝကျော်ကို စစ်ဆေးပြီး ဖြစ်ပေမယ့် ၁၀ ရာခိုင်နှုန်းလောက်ပဲ အရေးယူရသေးတယ်လို့ NLD လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားရေး ဌာနက ဒေါက်တာမျိုးညွန့်က ဘီဘီစီကို ပြောပါတယ်။

အဲဒီတိုင်ကြားစာတွေထဲမှာ လွှတ်တော် အမတ်တွေ အချင်းချင်းနဲ့ ပြည်သူလူထုကို ဆက်ဆံရေး ပြေပြစ်မှုမရှိတာ၊ အလုပ်အမှုဆောင် အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု မရှိတာနဲ့ ပါတီမူဝါဒနဲ့ ညွှန်ကြားချက်ကို လိုက်နာမှု မရှိတာ အစရှိတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

တိုင်ကြားသူတွေထဲမှာ ပြည်သူတွေ အပါအဝင် ပါတီဝင် အချင်းချင်းနဲ့ တခြား အဖွဲ့အစည်းတွေက တိုင်ကြားတာလည်း ရှိခဲ့ပြီး တိုင်ကြားသူက ဘယ်သူဘယ်ဝါဆိုတာ မသိရရင်တော့ ပစ်စာ အဖြစ် သဘောထားပြီး မစစ်ဆေးဘူးလို့လည်း သူက ပြောပါတယ်။

တိုင်ကြားခံရသူတွေထဲက အရေးယူပြီးသူ လွှတ်တော် ကိုယ်စားလှယ် ၂၀ ကျော်ပြီလို့ ဒေါက်တာမျိုးညွန့်က ပြောပေမယ့် ဘယ်သူဘယ်ဝါဆိုတာကိုတော့ သူပြောခွင့်မရှိဘူးလို့ ဆိုပါတယ်။

အခုလို အရေးယူရာမှာ သတိပေးစာ ထုတ်ပြန်တာနဲ့ ပါတီတာဝန်ရပ်ဆိုင်းတဲ့ ပြစ်ဒဏ်တွေနဲ့ အရေးယူမှာဖြစ်ပြီး တချို့အရေးယူခံရတဲ့ အမတ်တွေကို ပါတီဝင်အဖြစ်က ထုတ်ပယ်ဖို့အထိ စဉ်းစားနေတယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ဒေါက်တာ မျိုးညွန့် ကြီးကြပ်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားရေး ဌာနဟာ လွှတ်တော် အမတ်အဆင့် ပါတီဝင်တွေကို တိုင်ကြားလာတဲ့ စာတွေကို စိစစ်ဖို့ တာဝန်ယူထားတာ ဖြစ်ပြီး သာမန် NLD ပါတီ အမှုဆောင်နဲ့ ပါတီဝင်တွေနဲ့ ပတ်သက်တဲ့ တိုင်စာတွေကိုတော့ ပါတီ စည်းကမ်း ထိန်းသိမ်း ကော်မတီကပဲ တာဝန်ယူထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ