သေဒဏ်ချမှတ်ခံ မြန်မာ ၂ ဦး အတွက် နောက်ဆုံးအယူခံ

  • 21 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် PA
Image caption ပြီးခဲ့တဲ့ ၃ နှစ်က သူတို့ ၂ ဦးဟာ ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ သတ်ဖြတ်ခံခဲ့ရတာပါ

ထိုင်းနိုင်ငံတောင်ပိုင်း ကော်တောင် ကျွန်းခေါ် လိပ်ကျွန်းမှာ ဗြိတိန် နိုင်ငံသား ၂ ဦး သတ်ဖြတ် ခံရမှုနဲ့ သေဒဏ် ချမှတ် ခံထား ရတဲ့ မြန်မာ အလုပ်သမား ၂ ဦး အမှု အတွက် နောက်ဆုံး အယူခံ တင်လိုက် ပြီဖြစ် ပါတယ်။

ထိုင်းရှေ့နေတွေ ကနေ နောက်ဆုံး အယူခံကို ထိုင်း တရား လွှတ်တော်ထံ လျှောက်ထားဖို့ အတွက် ကော်စမွေ ခရိုင် တရားရုံး မှာ တနင်္လာနေ့ မနက်က တင်လိုက်တာ ဖြစ်ပါတယ်။

စာမျက်နှာ ၃၁၉ မျက်နှာပါတဲ့ ဒီ အယူခံကို ထိုင်းရှေ့နေများ ကောင်စီ နဲ့ မြန်မာနိုင်ငံ ရှေ့နေတွေရဲ့ အကြံပြုချက်တွေနဲ့ ရေးသား ထားတာ ဖြစ်ပါတယ်။

အချက်ကြီးပေါင်း ၁၁ ချက်ပါတဲ့ ဒီ အယူခံမှာ ဒီအန်အေနဲ့ ပတ်သက်ပြီး တရားခံတွေရဲ့ ဒီအန်အေ မတွေ့ရဘူး ဆိုတဲ့ အချက် ကလည်း အဓိက ပါဝင်တယ်လို့ ထိုင်းနိုင်ငံ မြန်မာ သံရုံး ကနေ ဒီအမှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်း ထားတဲ့ အထူး စုံစမ်းရေး အဖွဲ့ရဲ့ ဥပဒေ အကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး သေဆုံးသူတွေကို ခွဲစိတ် စစ်ဆေးရာမှာလည်း နိုင်ငံတကာ လုပ်ထုံးနဲ့ ညီညွတ်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အခု အယူခံကို ၆ လကနေ ၁ နှစ်အတွင်း အမိန့်ချမှတ်ဖို့ ရှိပြီး တရားမျှတတဲ့ ရလဒ်ကောင်း ဖြစ်လာ လိမ့်မယ်လို့ မျော်လင့်တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

အခု အယူခံဟာ နောက်ဆုံး အဆင့် ဖြစ်တဲ့ အတွက်၊ နောက်တဆင့် ကတော့ ထိုင်း ဘုရင်ထံ အသနား ခံ မယ့် လမ်းကြောင်းပဲ ရှိတော့တယ်လို့ လည်း ပြောပါတယ်။

အခု အယူခံကို ဖမ်းဆီးခံ တရားခံ နှစ်ဦး ဖြစ်တဲ့ ဇော်လင်း နဲ့ ဝင်းဇော်ထွန်း တို့ဆီ သွားရောက် ရှင်းလင်း ပြောကြား ထားပြီ ဖြစ်ပါတယ်။

သူတို့ ၂ ဦး ကလည်း အမှုမှန် ပေါ်ပေါက်ရေး အတွက် ကမ္ဘာ အရပ်ရပ်က ကူညီ ဆောင်ရွက်ပေး နေသူ အားလုံးကို ကျေးဇူး တင်ကြောင်း ပြောကြားတယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။